သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်မှု စည်းမျဉ်းသစ်ထုတ်ပြန်


 ထိုင်းနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ပတာနီက ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများ။(ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ပတာနီက ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများ။(ယခင်မှတ်တမ်းဓာတ်ပုံ)

ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားတဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို့ဝ်၊ ဗီယက်နမ်စတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားလက်မှတ် လျှောက်ထားဆဲကာလမှာ ၁၆ လကျော် ဆက် နေထိုင်ခွင့်ပြုလိုက်ပါတယ်။ အလုပ်သမားတွေအတွက် ဗီဇာကြေးကိုလည်း ဘတ်ငွေ ၂,၀၀၀ ကနေ ဘတ်ငွေ ၅၀၀ ထိလျှော့ချပေးကြောင်း ထိုင်းအစိုးရသစ် က အောက်တိုဘာလဆန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလို အထောက်အထား လက်မှတ် စာရွက်စာတမ်းတွေလုပ်တဲ့ကာလသက်တမ်း တိုးပေးတဲ့ အတွက် လက်မှတ်လုပ်ဖို့ငွေကြေးရှာရမယ့်အလုပ်သမားတွေအတွက် အဆင်ပြေသွားကြောင်း အလုပ်သမားရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လားအို့ဝ် ၊ဗီယက်နမ် စတဲ့ အလုပ်သမားတွေနဲ့ပတ်သက်လို့ ဗီဇာကြေးလျှော့ချပေးလိုက် သလို အလုပ်သမားအထောက်အထားလက်မှတ် လုပ်ရမယ့်ကာလတွေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ အချိန်တိုးသတ်မှတ်ပေးလိုက်တဲ့အတွက် အလုပ်သမားတွေအတွက် အဆင်ပြေသွားတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာချက်က ၃ ချက်ရှိတယ်။ နံပါတ် (၁) က၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့မှာ အထောက်အထားရိုက်ဖို့အတွက် အမည်စာရင်း name list တင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် ၁၃-၂-၂၀၂၅ အထိ အလုပ်သမားလက်မှတ်ပြုလုပ်ခြင်းကို အရင်က ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ထိသာ အချိန်ကန့်သတ်ထားပေးရာကနေ ၁၅-၂-၂၀၂၄ ထိ အချိန်တိုးသတ်မှတ်ပေးလိုက်ပါတယ်။ နံပါတ် (၂) ကြေညာချက်ကတော့ ၄ နှစ်ပြည့်ခဲ့တဲ့ MOU လုပ်သားတွေအတွက် ၃၀-၄-၂၀၂၄ ထိရက် တိုးပေးမှာဖြစ်ပြီး နံပါတ် (၃) ကြေညာချက်ကတော့ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်တဲ့အလုပ်သမားတွေကို ဗီဇာကြေး အရင်က ဘတ်ငွေ ၂,၀၀၀ ကနေ အခု ဘတ်ငွေ ၅၀၀ ထိလျှော့ချပေးမယ်လို့ဆိုပါတယ်။ အဲဒီတော့ အချိန်ရတယ်။ ငွေရှာဖို့အချိန်ရတယ်။ တခြားစာရွက်စာတမ်း လိုအပ်တာတွေလုပ်ဖို့ အချိန်ရတယ်။"

ဗီဇာကြေးလျှော့ချပေးဖို့ အလုပ်သမားရေးလုပ်ဆောင်နေသူတွေက တောင်းဆိုနေခဲ့တာ ကိုဗစ်ကပ်ဘေးကာလကတည်းက ဖြစ်ပါတယ်။ အခု ထိုင်းအစိုးရသစ်လက်ထက်မှာ ဗီဇာကြေးလျှော့ပေးလိုက်ပေမယ့် ပွဲစားတွေ၊ ကုမ္ပဏီတွေနဲ့ လုပ်ရတဲ့အလုပ်သမားတွေကတော့ ထူးထူးခြားခြား ငွေကြေးသက်သာသွားတာမျိုးတော့မရှိဘူးလို့ ဦးမိုးကြိုးကပြောပါတယ်။

"ဗီဇာကြေး ၂,၀၀၀ ကနေ ၅၀၀ ဖြစ်သွားတော့ ၁,၅၀၀ သက်သာသွားတယ်။ အဲဒီမှာ တခြားသောကုန်ကျစရိတ်တွေ၊ ပကန်ဆန်ခွန်းလို့ခေါ်တဲ့လူမှုဖူလုံရေးကြေးတွေ ဆက်ရှိသေးတယ်။ အဲဒါအပြင် အစိုးက ကုန်ကျစရိတ်တွေလျှော့ချပေးပေမယ့် သက်ဆိုင်ရာအလုပ်သမားရုံးတွေနဲ့ ဆက်စပ်ထားတဲ့ အေးဂျင့်တွေ၊ စာရွက်စာတမ်းလုပ်ပေးတဲ့ အကျိုးဆောင်ကုမ္ပဏီတွေကတော့ ငွေကိုယူတာတွေ ရှိနေသေးတော့ ဝန်ပေါ့သွားတာတွေ သိပ်မရှိသေးဘူး။"

အခုလောလောဆယ်မှာတော့ ဇူလိုင်လကုန်ကစပြီး နံမည်စာရင်းတင်သွင်းထားသူတွေဟာ အလုပ်လုပ်ခွင့်လက်မှတ်လုပ်ဖို့ စာရင်းတင်ထားကြောင်း စာရွက်တခုသာလက်ဝယ်ရှိသေးတဲ့အတွက် အခုချိန်ထိ အလုပ်လုပ်ဖို့အဆင်မပြေသေးကြောင်း၊ အလုပ်ရုံစက်ရုံတွေကလည်း အထောက်အထားမပြည့်စုံသူတွေကို မခေါ်ကြောင်း ပန်းရံအလုပ်ဝင်လုပ်တဲ့အခါမှာလည်း နေရာမတူတာ၊ အလုပ်မတူတာတွေလုပ်နေတဲ့အတွက် ရဲစခန်းကိုရောက်သွားရတဲ့ဖြစ်ရပ်တွေလည်းကြုံနေရတယ်လို့ မကြာသေးခင်ကမှ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ထားသူအလုပ်သမားတဦးကပြောပြပါတယ်။

"အဲဒီဟာတခုတည်းနဲ့ အလုပ်လုပ်လို့အဆင်မပြေသေးဘူး။ အဲဒါနဲ့အလုပ်လုပ်နေတုန်း ဝင်စစ်ရင် ရဲစခန်းလိုက်သွားရတာတွေ၊ ဒဏ်ကြေးပေးရတာတွေရှိတယ်။ ပန်းရောင်ကဒ်ရရင်တောင်မှ အလုပ်လုပ်ခွင့်လက်မှတ် ပြန်လုပ်ရတာရှိတော့ အလုပ်လုပ်ခွင့်လက်မှတ်တောင်းတဲ့အလုပ်တွေဆိုရင်တော့ အဆင်မပြေနိုင်သေးဘူး။"

ထိုင်းနိုင်ငံထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ (Department of employment)DOE ရဲ့ ၂၀၂၃ ခုနှစ်ဇူလိုင်လကုန်ထိ ကောက်ခံထားတဲ့ စာရင်းအရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရားဝင်ရွှေ့ပြောင်းအလုပ်သမားက စုစုပေါင်း ၂ သန်း၊ ၇သိန်း၊ ၇ သောင်းနီးပါးရှိပြီး ဒီထဲမှာမြန်မာက တသန်းခွဲကျော်ရှိပါတယ်။ အခုလို တရားဝင်အထောက်အထားလုပ်တဲ့သူတွေထက်စာရင် လက်မှတ်လုပ်ဖို့ငွေကြေး မတတ်နိုင်တာကြောင့် အထောက်အထားမဲ့မြန်မာတွေကတော့ တရားဝင်စာရင်းထက် ၂ ဆလောက်ပို များနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG