သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်းမှာ မြန်မာအလုပ်သမား ၃ ယောက်နဲ့ ထိုင်းအလုပ်ရှင် ပစ်သတ်ခံရ


ထိုင်းတောင်ပိုင်း ချွန်ဖော်ပြည်နယ် ဆဝီဒေသက မြန်မာအလုပ်သမား (၃)ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ ရာဘာခြံ
ထိုင်းတောင်ပိုင်း ချွန်ဖော်ပြည်နယ် ဆဝီဒေသက မြန်မာအလုပ်သမား (၃)ဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ ရာဘာခြံ

ထိုင်းတောင်ပိုင်း ချွန်ဖော်ပြည်နယ် ဆဝီဒေသက လူသူ အရောက်အပေါက် နည်းတဲ့ ရာဘာခြံတခြံထဲမှာ မြန်မာလုပ်သား ၃ ဦး မနေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ အနီးနား ရာဘာခြံက ပိုင်ရှင် ထိုင်းနိုင်ငံသားတဦးလည်း အသတ်ခံထားရပြီး သူတို့အားလုံး ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာ မသိရသေးသလို၊ သတ်ဖြတ်သူကို လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ပြည်နယ် တောင်ခြေမှာရှိတဲ့ ရော်ဘာခြံထဲမှာ မြန်မာအလုပ်သမား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား တဦး မနေ့ ဇူလိုင် ၁၆ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ အာရှလမ်းမကြီးနဲ့ ၁၅ ကီလိုမီတာခန့် အကွာ ရာဘာခြံထဲမှာ ရှိတဲ့ အလုပ်သမားအဆောင် အနီးမှာ ဖြစ်ခဲ့တာပါ။

‌ရာဘာခြံပိုင်ရှင် ထိုင်းနိုင်ငံသားတဦး သေနတ်နဲ့ ပစ်သတ်ခံထားရပြီး သေဆုံးနေတာကို သားဖြစ်သူက တွေ့ရှိခဲ့ရပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့ရာက အဲ့ဒီနေရာအနီးမှာပဲ မြန်မာ အလုပ်သမား ၃ ဦး သတ်ဖြတ်ခံထားရတာကိုလည်း တွေ့ခဲ့ရတာလို့ ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံဦးမင်းဦးက အခုလိုပြောပါတယ်။

"ဆဝီဆိုတဲ့အပိုင်မှာပေါ့ ချွန်ဖော်ပြည်နယ် အသတ်ခံရတဲ့သူရဲ့သားက သူ့အဖေကိုဆက်သွယ်မရလို့အိမ်ပြန်လာတဲ့အခါကျမှ အလောင်းကိုတွေ့တာပေါ့ သူတွေ့တဲ့အချိန်မှာ သူ့အဖေကော အလုပ်သမား ၃ယောက်ကောအသတ်ခံရတာတွေ့တယ်"

အသတ်ခံရတဲ့ ထိုင်းနိုင်ငံသားဟာ အဲဒီနေရာက ရာဘာခြံ အလုပ်ရှင်တဦး ဖြစ်ပြီး အသတ်ခံရတဲ့ မြန်မာအလုပ်သမားတွေ ကတော့ တခြား အလုပ်ရှင်တယောက်ထံမှာ အလုပ်လုပ်နေကြတဲ့သူတွေ ဖြစ်ပါတယ်။

သတ်ဖြတ်သူ ဘယ်သူဘယ်ဝါဆိုတာ မသိပေမဲ့ ခြံနီးချင်း ထိုင်းအလုပ်ရှင် တဦးက သတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ မိသားစုဝင်တွေက သံသယရှိနေတဲ့အကြောင်း ဦးမင်းဦးက ပြောပါတယ်။

"ဘယ်သူ သတ်သွားတယ် ဆိုတာကိုတော့ သေသေချာချာ သတင်းမထွက်သေးဘူး။ ဒါပေမဲ့ သတ်သွားတဲ့ သူကတော့ − သူ့အဖေနဲ့ ပြဿနာ တက်ဖူးတဲ့ ထိုင်းတယောက် ရှိတယ်။ အဲဒီထိုင်းက သေနတ် တကားကားနဲ့ ပြဿနာတက်တယ်။ ပြီးတော့ ရော်ဘာခြံ အလုပ်သမားတွေကိုလည်း ခြိမ်းခြောက်တာတွေ ရှိဖူးတယ်။ အဲဒီလူက အဖြစ်နိုင်ဆုံးလို့ သုံးသပ်တာပေါ့နော်။"

သေဆုံးသူ ထိုင်းနိုင်ငံသား ဟာ သေနတ်နဲ့ အချက် ၂၀ လောက် ပစ်ခတ် ခံထားရပြီး သေဆုံးပြီး ၁၀ နာရီလောက် ကြာပြီးမှ အလောင်းကို တွေ့ခဲ့တာလို့လည်း ပြောပါတယ်။ ခြံတဝိုက် ရဲတွေက စစ်ဆေးခဲ့တာမှာ သေဆုံးနေသူ မြန်မာအလုပ်သမား တဦးကတော့ ဆိုင်ကယ်တစီးနဲ့အတူ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ပုံစံတွေ့ရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။ တခြား အလုပ်သမား ၂ ဦးကတော့ အလုပ်သမားတွေရဲ့ အဆောင်ရှေ့နဲ့ အခန်းတွင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတာပါ။

သေဆုံးသူ ထိုင်းနိုင်ငံသားရဲ့ ကားကို သတ်ဖြတ်သူက ခိုးယူသွားတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် ခိုးယူသွားတဲ့ ကားကိုတော့ စူရတ်ဌာနီ ပြည်နယ်တွင်းမှာ ပြန်တွေ့ခဲ့ပါတယ်။ ကားတိုက်မှု ဖြစ်ထားတဲ့ပုံစံနဲ့ ပြန်တွေ့ခဲ့တာဖြစ်ပြီး သံသယရှိသူ အသက် ၄၄ နှစ် အရွယ် ထိုင်းနိုင်ငံသားကိုတော့ လိုက်လံ ရှာဖွေ နေဆဲပဲလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ စူရဌာနီ ပြည်နယ်ထဲမှာပဲ ရှိနေနိုင်တယ်လို့ ယူဆတာကြောင့်လည်း ရဲတပ်ဖွဲ့ က ပိတ်ဆို့ ရှာ ဖွေနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG