သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မလေးနယ်စပ်မှာ အထောက်အထားမဲ့ မြန်မာ ၂၀ ဖမ်းမိ


Myanmar illegal migrants and human traffickers arrested on Thai border. (Photo- Thai Police)
Myanmar illegal migrants and human traffickers arrested on Thai border. (Photo- Thai Police)

ထိုင်း-မလေးရှားနယ်စပ် ဆုံခလာပြည်နယ်အတွင်း ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေက နေအိမ်တချို့ကို ဆက်တိုက် ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး၊ ဇူလှိုင် ၄ ရက်နေ့ကတော့ အလုပ်ပွဲစားတဦးရဲ့နေအိမ်မှာ မလေးရှားကိုသွားမယ့် အထောက်အထားမဲ့ မြန်မာ ၂၀ ဖမ်းဆီး ရမိခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းနယ်စပ်ကနေ မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ် စဒေါင်မြို့နယ် Padang Besar ရဲတပ်ဖွဲ့ နယ်မြေထဲမှာ လူမှောင်ခိုဂိုဏ်းတွေရဲ့ နေအိမ်တစ်လုံးကို နယ်မြေ လဝက အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ၊ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာမှာ နေအိမ်အတွင်းအသက် ၁၈ နှစ်နဲ့ ၂၅ နှစ်အရွယ် မြန်မာအမျိုးသမီး-အမျိုးသား ၂၀ ဦးကို လက်ရ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို လူပွဲစားက မလေးရှားကိုပို့ဖို့ ဖွက်ထားတုန်းမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက ပြောပါတယ်။

" လူကုန်ကူးမှုနဲ့ပတ်သက်လို့ ဇူလိုင်လ ၄ ရက်နေ့က ထိုင်းတောင်ပိုင်း ဆုံခလာခရိုင် စဒေါင်မြို့နယ်အပိုင် မလေးရှားနယ်စပ် Padang Besar ဟတ်ရိုင်ကနေဆိုရင် ကီလိုမီတာ ၅ ကီလို ၆ ကီလိုလောက် ဝေးတဲ့နေရာမှာ အမျိုးသားနဲ့ အမျိုသမီး၂၀ ကို ပွဲစားအိမ်မှာ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ သူတို့ကို Padang Besar ရဲစခန်းမှာ ထိန်းထားပါတယ်။ "

ပွဲစားတွေက စွန့်ပစ်သွားတဲ့ မြန်မာ ၄၀ ထက် မနည်းရှိတယ်လို့ ရဲတပ်ဖွဲ့က သတင်းရတာကြောင့် လိုက်လံရှာဖွေရင်းနဲ့ အစာရေစာ ပြတ်လတ်ပြီး အားအင်ချိနဲ့နေတဲ့ မြန်မာနိုင်ငံသား ၂၀ ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခုလို မလေးရှားကို ခိုးဝင်ဖို့ ကြိုးစားနေကြပေမယ့် မလေးရှားမှာလည်း အလုပ်အကိုင်တွေ ရှားပါးတဲ့အတွက်အထောက်အထားမဲ့တွေအဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဦးဘရီက ပြောပါတယ်။

" မလေးရှားမှာ အလုပ်အကိုင်မရှိတဲ့ မြန်မာရွှေ့ပြောင်းတွေ အတော်များများ ရှိပါတယ်။ တရားမဝင် ခိုးဝင်တဲ့ မြန်မာရွှေ့ပြောင်းတွေက မလေးရှားကို ရောက်သွားတဲ့အခါမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရရှိကြဘူး။ အရင်ကအလုပ်အကိုင်တွေရှိတယ်၊ အခုတော့ တရားဝင် MoU အမ်အိုယူ(နှစ်နိုင်ငံသဘောတူစာချုပ်)နဲ့ လာတဲ့သူတွေ များလာတဲ့အခါမှာကျတော့ တရားမဝင် ဝင်ရောက်သွားတဲ့ မြန်မာတွေအတွက် အလုပ်အကိုင်တွေ ရှားပါးသွားတယ်။ အခုဆိုရင် ၂၀၂၃ နှစ်လယ် သင်္ကြန်နောက်ပိုင်းကစပြီး မလေးရှားမှာ အလုပ်အကိုင်တွေ ရှားပါးလာတယ်လို့ သိရပါတယ်။ အခုဆို မလေးရှားမှာ အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ဖြစ်နေလို့ အခန်းထဲမှာပဲ ခိုအောင်းနေထိုင်ရတဲ့ အလုပ်သမားတွေ အတော်များများ ရှိနေတယ်လို့ သိရပါတယ်။"

ထိုင်းတောင်ပိုင်း ဆုံခလာပြည်နယ်မှာ အခြေစိုက်တဲ့ လူမှောင်ခိုဂိုဏ်းဝင်တွေက မလေးရှားကိုပို့မယ့် မြန်မာတွေကို အဓိက စုဆောင်းတဲ့အလုပ်ကို လုပ်ကိုင်နေကြပါတယ်။ မဲဆောက်နဲ့ ပရာကျွတ် ခီရီကန် ဘက်ကနေ မလေးရှားနယ်စပ်သွားကြမယ့် မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ကားတွေ လူမှောင်ခိုပွဲစားတွေကို လုံခြုံရေးအဖွဲ့တွေက နေ့စဉ်ရက်ဆက် ဖမ်းမိနေတာပါ ။ ဒီအတွက် လူမှောင်ခိုသမားတွေရဲ့ တထောက်နား စခန်းတွေကို ရဲတပ်ဖွဲ့က ခြေရာခံ မိသွားပြီး အခုလို လိုက်လံရှာဖွေ ဖမ်းဆီးနေတာဖြစ်ကြောင်း ဆုံခလာရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG