သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် CDM ပညာရေးဝန်ထမ်းများ နေထိုင်မှုအခက်အခဲကြီးလာ


Myanmar CDM Teacher
Myanmar CDM Teacher

ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်ရတဲ့အတွက် အလုပ်လုပ်ဖို့ ခက်ခဲသလို လုံခြုံရေးအတွက် အချိန်ပြည့် စိုးရိမ်နေရတယ်လို့ စစ်အာဏာသိမ်းမှု နောက်ပိုင်း CDM လှုပ်ရှားမှာ ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေး ခိုလှုံုံကြတဲ့ ဆရာ၊ ဆရာမတွေကပြောပါတယ်။ နေရပ်ပြန်နိုင်ဖို့ မျှော်လင့်ချက် မရှိသေးသလို၊ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုကြုံလာနေရတယ်လို့ ပြောပြကြပါတယ်။ ထိုင်းနယ်စပ်ရောက် CDM ဆရာ ဆရာမတွေ ကြုံရတဲ့ အခက်အခဲတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်လေးက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် CDM နည်းနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲ အခြေခံပညာရေးက ဆရာ၊ ဆရာမတွေလည်း အများအပြား ပါဝင်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် ပြည်တွင်းကနေ နေရပ်စွန့်ခွာခဲ့ကြရသူတွေ အများအပြား ရှိသလို၊ တချို့က ထိုင်း - မြန်မာနယ်စပ်မှာ ခိုလှုံနေထိုင်နေ ကြတာပါ။ အချိန်ကာလ ကြာလာတာနဲ့အမျှ လုံခြုံရေး နဲ့ စားသောက်နေထိုင်ရေး အခက်အခဲတွေ ပိုများလာတယ်လို့ မဲဆောက်မှာ ရောက်နေတဲ့ အခြေခံပညာရေး CDM ဆရာမတဦးက ပြောပါတယ်။

"လက်ရှိအနေအထားက နေစရိတ်အခက်အခဲ နည်းနည်းတော့ဖြစ်တာပေါ့။ အဆောင်တွေဘာတွေ ငှားနေရတာဆိုတော့ နေစရိတ်အခက်အခဲရှိတယ်။ ပြီးရင် လုံခြုံရေးမှာလည်း နည်းနည်း အခက်အခဲရှိတာပေါ့။ သူငယ်ချင်းတွေ စုပြီးတော့ ငှားနေတာပေါ့။ ပြီးတော့ နေ့စားအလုပ်ရှိရင် နေ့စားဝင်လုပ်လိုက်၊ နားလိုက်နဲ့ အလုပ်ကတော့ အမြဲမရှိဘူး။ အဲဒီလိုပဲ ဖြည့်ပြီးတော့ နေနေရတယ်။ အဆင်တော့မပြေဘူး။ တခါတလေ ရဲတွေအစစ်အဆေးတွေတော့ ရှိတယ်။ အလုပ်ကလည်း သွားရတဲ့ရက်ရှိသလို၊ မသွားရတဲ့ရက်လည်း ရှိတယ်။ ကျမတို့အတွက်နေဖို့ လုံခြုံစိတ်ချရတဲ့နေရာတခု ရှိချင်တာပေါ့နော်။ နေဖို့စရိတ်တွေကတော့ အလုံအလောက်တော့ မရှိဘူးပေါ့နော်။ နှစ်တွေလည်း ကြာနေပြီပေါ့လေ။ ၁ နှစ်ခွဲလောက်ရှိနေပြီ၊ ကျမတို့ရောက်လာတာ။"

မဲဆောက်မှာရှိနေတဲ့ အခြေခံပညာက CDM ဆရာ၊ ဆရာမတွေအတွက် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ ဆန်နဲ့ဆီ လစဉ်ထောက်ပံ့ပေးတယ်လို့ ပြောပါတယ်။ နေထိုင်စားသောက်ဖို့ အခြေခံစရိတ်တွေအပြင် တခြားလိုအပ်ချက်တွေကြောင့် အလုပ်လုပ်ကိုင်ဖို့ကလည်း တရားဝင်နည်းလမ်းနဲ့ ခက်ခဲနေလို့ ကြုံရာကျပန်းလုပ်နေရတဲ့ အခြေအနေမှာ ရှိနေတာပါ။ ရတဲ့၀င်ငွေနဲ့ အိမ်ငှားခတောင် မလုံလောက်ဘူးလို့ မဲဆောက်မြို့က အခြေခံပညာရေး CDM ဆရာ၊ ဆရာမတွေနဲ့ နီးစပ်သူတဦးကလည်း အခုလို ပြောပါတယ်။

"အိမ်ငှားနေရတဲ့ အခါကျတော့ ဒီအိမ်ငှားစရိတ်တွေကလည်း တော်တော်လေးမြင့်တယ်။ ဝင်ငွေကလည်း ဟုတ်တိပတ်တိ မရှိတဲ့အခါကျတော့ အိမ်ငှားစရိတ် ရှင်းဖို့ကိစ္စတွေ၊ စားဖို့သောက်ဖို့ ကိစ္စတွေ၊ သူတို့မှာ တော်တော်လေး ကသီလင်တနိုင်ကြတယ်။ အဓိကတော့ အခြေခံပညာရေးက ဆရာ၊ ဆရာမတွေ ပိုပြီးဒုက္ခရောက်တယ်။"

CDM ဆရာ၊ ဆရာမတွေ အပါအ၀င် မဲဆောက်ကို ထွက်ပြေးခိုလှုံနေသူတွေကို အခြေခံစားနပ်ရိက္ခာမျှဝေထောက်ပံ့ပေးနေတဲ့ New Myanmar Foundation ကတော့ အခုနောက်ပိုင်း အလှူရှင်တွေရဲ့ အခက်အခဲတွေကြောင့် ရိက္ခာလျှောက်ထားနိုင်တဲ့ သူတွေထဲမှာ အခြေခံပညာရေးက CDM ဆရာ၊ ဆရာမတွေ မပါဝင်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မိသားစုဝင်တွေကတော့ လိုအပ်ရင် လျှောက်ထားနိုင်တယ်လို့ New Myanmar Foundation အဖွဲ့ မန်နေဂျာ မဟေမာက ပြောပါတယ်။

"ကျမတို့ ဒီ CDM တွေအတွက်ကို ဘယ်လိုပုံစံနဲ့ ဒီလိုမျိုး ရွေးချယ်ဖြစ်သွားလဲဆိုတော့ ရိက္ခာနဲ့ပတ်သက်ပြီးတော့ ပေးတဲ့အလှူရှင်တွေဘက်က ဘတ်ဂျက်အခက်အခဲပေါ့နော်။ သူတို့က ဒီတနှစ်ကျော် ကာလအတွင်းမှာ လျှောက်သမျှလူတိုင်းကို ပေးခဲ့ပြီးတော့၊ အခုနောက်ပိုင်းမှာ သူတို့ဘတ်ဂျက်အခက်အခဲ ရှိလာတယ်။ အဲဒါအတွက်ကို စည်းဝေးတိုင်ပင်လိုက်တဲ့ အခါကျတော့ CDM တွေမှာဆိုရင် စစ်သား CDM ၊ ရဲ CDM ၊ ပြီးရင် တခြားသော CDM တွေပေါ့နော်။ အဲဒါတွေကို ကျမတို့က ထောက်ပံ့မှုမပေးနိုင်တော့ဘဲ NUG တို့ဘာတို့က CDM သမားတွေကို ထောက်ပံ့တာ ရှိတယ်ပေါ့နော်။ တခုရှိတာက ကျမတို့က ရဲ CDM ၊ စစ် CDM ဆိုရင်တော့ မိသားစုဝင်တွေကိုပါ ထောက်ပံ့မှုမပေးနိုင် တော့ဘူးပေါ့နော်။ ဒါပေမဲ့ ပညာရေး CDM ၊ ကျန်းမာရေး CDM ၊ တခြားသော CDM တွေအားလုံးကတော့ CDM ကာယကံရှင်တွေကိုသာ ကျမတို့က မပေးတာ၊ သူတို့ရဲ့ မိသားစုဝင်တွေကိုတော့ လျှောက်သမျှကို အကုန်ပေးနေပါတယ်။ ဥပမာ မိသားစု ၅ ယောက်ထဲမှာ ၁ ယောက်က ကျန်းမာရေး CDM ပါတယ်ဆို ကျန်တဲ့ ၄ ယောက်ကို ကျမတို့ လျှောက်ခိုင်းတယ်ပေါ့နော်။ ပြီးရင် သူတို့အတွက်ကို ပေးပါတယ်။ အခုကတော့ အဲဒီလို အစီအစဉ်နဲ့ သွားနေပါတယ်။"

အခြေခံစားနပ်ရိက္ခာ မျှဝေ ထောက်ပံ့ပေးတဲ့ အစီအစဥ်ကနေခုလို အကူအညီတွေ ဆက်မပေးနိုင်တော့တာကြောင့် CDM တွေအနေနဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီမှာ တိုက်ရိုက်တောင်းခံကြဖို့လည်း တိုက်တွန်းထားပါတယ်။ CDM တွေကတော့ သူတို့အနေနဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်နေရတာကြောင့် အလုပ်အကိုင်နဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတာဖြစ်ပါတယ်။

မြန်မာနိင်ငံတွင်း ဖိနှိပ်မှုတွေကြောင့် မဲဆောက်မှာ ခိုလှုံုံတဲ့ မြန်မာတွေ အများအပြား တရားဝင်နေထိုင်ခွင့် မရှိတာကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းတာကိုလည်း မကြာခဏဆိုသလို ကြုံရလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG