BRI လို့ အတိုကောက် လူသိများတဲ့ တရုတ် ခေတ်သစ်ပိုးလမ်းမ ခါးပတ်လမ်း ၁၀ နှစ် စီမံကိန်းမှာ နိုင်ငံပေါင်း ၁၅၀ လောက် လက်မှတ်ရေးထိုးထားသလို ဒီအထဲမှာ အာဖရိကတိုက်နိုင်ငံ အတော်များများ ပါဝင်ပါတယ်။
ဒေါ်လာ ဘီလျံပေါင်းများစွာ အကုန်အကျခံတည်ဆောက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးကနေ မီးရထားလမ်းတွေ၊ ကားလမ်းတွေနဲ့ အခြေခံ အဆောက်အအုံတွေ အများအပြား တည်ဆောက်နိုင်ခဲ့တဲ့တချိန်တည်းမှာ နိုင်ငံအတော်များများကိုလည်း အကြွေးနွံ နစ်စေခဲ့ပါတယ်။ တရုတ်အစိုးရ ဦးဆောင်တဲ့ BRI စီမံကိန်းကြောင့် အာဖရိကတိုက်မှာ ဘယ်လို သက်ရောက်မှုတွေ ရှိနေပါလဲ။ ကောင်းကျိုး ဆိုးကျိုး ဘာတွေရှိနေသလဲ ဆိုတာ VOA နိုင်ရိုဘီဗျူရို အကြီးအကဲ Mariama Diallo သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်က ကင်ညာနိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Standard Gauge Railway (SGR) မီးရထားလိုင်းဟာ ကင်ညာမှာ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၆၀ ပြည့်လွန်ကာလကစလို့ အကြီးဆုံးနဲ့ အအောင်မြင်ဆုံး စီမံကိန်းတခုဖြစ်တယ်ဆိုပြီး ကင်ညာအစိုးရ အရာရှိတွေက ဂုဏ်ယူပြောခဲ့ကြတာပါ။ Mombasa မြို့ကနေ Nairobi မြို့ကို အရင်က ၁၀ နာရီကျော် သွားရတဲ့ခရီးက အခုဆိုရင် ၅ နာရီကနေ ၆ နာရီလောက်အထိပဲ ကြာတော့တာပါ။ အချိန်အများကြီး မကုန်တော့လို့ သဘောကျတယ်လို့ ခရီးသည်တဦးဖြစ်တဲ့ Denis Ombuna က ပြောပါတယ်။
"စီးပွားရေးသမားတယောက်၊ အလုပ်အင်တာဗျူး ရှိတယ်ဆိုရင် ကိုယ့်အတွက် အချိန်တွေ သက်သာသွားစေပါတယ်။”
Mombasa ဆိပ်ကမ်းမြို့ကနေ နိုင်ရိုဘီမြို့တော်၊ နိုင်ရိုဘီကနေ Nivasha မြို့တွေကို ဆက်သွယ်ထားတဲ့ ဒီမီးရထားလမ်း တည်ဆောက်ဖို့အတွက်ကိုတော့ ကင်ညာဟာ တရုတ်နိုင်ငံကနေ ဒေါ်လာ ၅ ဘီလျံ ချေးငွေယူခဲ့ရပါတယ်။
ခုလိုတည်ဆောက်တဲ့ စီမံကိန်းကတော့ တရုတ်သမ္မတ Xi Jinping ဦးဆောင်တဲ့ BRI သို့မဟုတ် ခေတ်သစ်ပိုးလမ်းမ ခါးပတ်လမ်းစီမံကိန်း တစိတ်တပိုင်း ဖြစ်ပါတယ်။
ကင်ညာ၊ ယူဂန်ဒါ၊ ရဝမ်ဒါနဲ့ တောင်ဆူဒန်နိုင်ငံတွေကို ချိတ်ဆက်သွားလာနိုင်ရေး အပါအဝင် အခြေခံ အဆောက်အအုံ၊ ကုန်သွယ်ရေးနဲ့ တယ်လီဖုန်း ဆက်သွယ်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ စီမံကိန်းကြီး ဖြစ်ပါတယ်။ နိုင်ရိုဘီမြို့ အခြေစိုက် Sovereign Insight အဖွဲ့ အကြံပေးလည်းဖြစ်၊ စီးပွားရေးပညာရှင် တဦးလည်း ဖြစ်တဲ့ Vincent Kimosop က ခုလို ပြောပါတယ်။
“ကောင်းတဲ့ဘက်ကကြည့်ရင်တော့ ဒါဟာ ကုန်ပစ္စည်းနဲ့ ကုန်တင်ယာဥ်တွေ ကူးသန်း သွားလာ၊ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။”
ဒါပေမဲ့လည်း ဒီစီမံကိန်း တည်ဆောက်ရာမှာ အခုထက်ပြီး စီမံဆောင်ရွက်တာတွေ ရှိခဲ့သင့်တယ်လို့လည်း သူက ပြောပါတယ်။
“SGR စီမံကိန်း တည်ဆောက်ဖို့ စေ့စပ်ညှိနှိုင်းရာမှာ တာဝန်ရှိသူတွေအနေနဲ့ ကုန်ကျစရိတ် ပြန်လည် ပေးချေရမယ့်ကိစ္စတွေကို သေချာတွက်ချက်စီမံခဲ့သင့်ပါတယ်။ ဒါက အင်မတန်ကိုကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခုပါ။ နှစ် ၂၀၊ ၃၀ အတွင်း ငွေ ပြန်လည် ပေးချေရမယ့် ရည်မှန်းချက်ကြီးလွန်းတဲ့ စီမံကိန်းကြီးပါပဲ။”
ဒီ မီးရထားလမ်းက နိုင်ရိုဘီ အမျိုးသားဥယျာဥ်တောကြီးကို ဖြတ်သွားတာကြောင့် စီမံကိန်း တည်ဆောက်ချိန်အတွင်း တောရိုင်းသတ္တဝါတွေအပေါ် ကျရောက်လာနိုင်တဲ့ ဆိုးကျိုးတွေကို ထောက်ပြဝေဖန်တာတွေက ကန့်ကွက်တာတွေလည်း ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဖရိကနိုင်ငံတွေ အများစုပါဝင်တဲ့ နိုင်ငံပေါင်း ၁၅၀ လောက်က တရုတ် BRI စီမံကိန်းမှာ ပါဝင်ဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
“အာဖရိကရဲ့ လူဦးရေက သိသိသာသာတိုးလာနေပြီး အခြေခံ အဆောက်အအုံတွေ တိုးမြှင့်တည်ဆောက်ဖို့ကလည်း လိုအပ်လာပါတယ်။ တရုတ်အမြင်ကကြည့်ရင် အာဖရိက-က မျက်စိကျစရာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်း ကြည့်လိုက်ရင် အာဖရိကမှာက ကြေးနီ၊ ကိုဘော့သတ္ထုနဲ့ တခြား တွင်းထွက် သယံဇာတတွေ အများအပြား ရှိနေပြီး တရုတ် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေအတွက် လိုအပ်တဲ့ကုန်ကြမ်းတွေ ရှိနေလို့ပါပဲ။”
ကင်ညာ၊ အီသီယိုးပီးယား နဲ့ ဇမ်းဘီးယား လို နိုင်ငံတွေမှာ တရုတ်က တည်ဆောက်နေတဲ့ အခြေခံ အဆောက်အအုံတွေ အများအပြား တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဇမ်းဘီးယား အပါအဝင် ဒီနိုင်ငံတွေဟာ တရုတ်ဆီက ကြွေးမြီတွေ အမြောက်အများယူထားပြီး ပြန်ဆပ်နိုင်ရေး လုံးပန်းနေရတာ ဖြစ်ပါတယ်။ ဇမ်းဘီးယားနိုင်ငံကတော့ ကိုဗစ်ကပ်ဘေး ကာလအတွင်း အကြွေးပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။
နွမ်းပါးတဲ့ နိုင်ငံတွေကို တရုတ်က ခုလို ချေးငွေထုတ်ပေးနေတဲ့ ကိစ္စတွေကို အနောက်နိုင်ငံတွေကတော့ ဝေဖန်ကြပါတယ်။ အကြွေးနွံနစ်နေတဲ့ နိုင်ငံတွေ သက်သာရာ ရအောင် အမြန်ဆုံး ဆောက်ရွက်ပေးသင့်တယ်လို့ လည်း ပြောဆိုနေကြတာပါ။
“အကြွေးကိစ္စ အမြန်ဆုံးကိုင်တွယ်ရေးက တရုတ်ရဲ့အကျိုးစီးပွား ဖြစ်ပါတယ်။”
BRI ကို လက်မှတ်ထိုးခဲ့ကြတဲ့ နိုင်ငံအများအစုဟာ စီးပွားရေး တိုးတက်နေတဲ့ချိန်မှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာမှ စီးပွားရေးအခြေအနေတွေ ပြောင်းသွားခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာဆက်ဆံရေး ကောင်စီက David Sacks က ပြောပါတယ်။
“ပထမဆုံးရိုက်ခတ်မှုကတော့ ကမ္ဘာ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ COVID 19 ကပ်ဘေးပါပဲ။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အများကြီး ရိုက်ခတ်ခဲ့ပါတယ်။ ဒုတိယကတော့ ယူကရိန်းစစ်ပွဲပါ။ အာဖရိကကို စားသောက်ကုန်နဲ့ ရေနံ အဓိကတင်ပို့နေတဲ့နိုင်ငံတွေ စစ်ဖြစ်တဲ့အခါ ကုန်ဈေးနှုန်းတွေ သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။”
ဒီလို အခြေအနေတွေ ရှိပေမဲ့လို့ တဘက်မှလည်း ခရီးသွားတွေကတော့ မီးရထားလမ်းသစ်ကြီးမှာ သွားလာရတာကို သဘောကျ ကြပါတယ်။
“အန္တရာယ်ကင်းကင်း သွားလာနိုင်လို့ ကျနော်တို့ ကင်ညာပြည်သူတွေကတော့ သဘောကျပါတယ်။”
Boston တက္ကသိုလ်ကလုပ်တဲ့ သိပ်မကြာခင်က လေ့လာချက်တခုမှာတော့ တရုတ်ရဲ့ အာဖရိကချေးငွေ ပမာဏဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အနိမ့်ဆုံးအဆင့် ကျဆင်းသွားတာကို တွေ့ရပါတယ်။ BRI စီမံကိန်း ဆက်ရှိနေချိန်မှာ တရုတ်အနေနဲ့ အသေးစား ရင်းနှီးမြှုပ်နှံမှုတွေ ပြောင်းလဲ လုပ်ဆောင်လာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။