သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဇာအနီး စစ်ကောင်စီတပ်စခန်း ၂ ခု KIA တိုက်ခိုက်


KIA
KIA

KIO ဌာနချုပ်ရှိရာ လိုင်ဇာအနီး အောင်ဂျာရွာဝန်းကျင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို မနေ့ သောကြာနေ့ က KIA က တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ မနက် ၇ နာရီလောက်က စတင်ခဲ့ပြီး ညနေ ၅နာရီ အချိန်ထိ တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်တာတွေရှိနေသလို စစ်ကောင်စီ ဘက်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာပါ။ KIO လိုင်ဇာဌာနချုပ်အနီးက တိုက်ပွဲအခြေအနေကို ကိုရန်နိုင် တင်ပြထားပါတယ်။

ဒီလ ၉ ရက်နေ့က KIA ဌာနချုပ် ရှိရာ လိုင်ဇာအနီးက မုန်လိုင်ခက်စစ်ရှောင်စခန်း အတိုက်ခိုက် ခံခဲ့ရတဲ့ နောက်ပိုင်းမှာ KIA က ထိုးစစ်အရှိန်ကို မြှင့်တင်လာနေတာပါ။ ဒီလ ၁၈ ရက်နေ့မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ် ငါးဘတ်ကြီးစခန်းနဲ့ ၁၉ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီးက ယိန်းလတောင်စခန်းကို KIA က တိုက်ခိုက်သိမ်းယူခဲ့သလို ဒီကနေ့မှာတော့ နမ့်ဆန်ယန်အနီးရှိ လိုင်လွမ်အောင်ဂျာက စစ်စခန်း ၂ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ တိုက်ပွဲအခြေအနေကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ညနေ ၅နာရီအချိန်လောက်မှာ အခုလို ပြောပါတယ်။

“ ဒီနေ့ တိုက်ပွဲအခြေအနေကတော့ နမ့်ဆန်ယန်၊ လိုင်လွမ်အောင်ဂျာစခန်းကို ဝင်တိုက်တာ။ တိုက်ပွဲကတော့ ဒီမနက် ၇နာရီဝန်ကျင်ကနေ စဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ အခုထက်ထိ အခု ကျနော်တို့ ဖုန်းပြောနေတဲ့အချိန်အထိ လက်နက်ကြီး အသံတွေကတော့ ကြားရပါတယ်။ တပ်စခန်း ၂ခုစလုံးကို တိုက်တာဖြစ်ပါတယ်။ ဒီနေ့ကတော့။ အခုထက်ထိကတော့ တော်တော်များများကို ဝင်စီးလို့ ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သတင်းတွေအားလုံးကို Confirm ကတော့ မလုပ်ရသေးဘူး။ အခုကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းဖြစ်ပါတယ်။”

နှစ်ဘက်တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ တနေကုန်ပစ်ခတ်တာတွေ ရှိနေကြောင်းလည်း ပြောပါတယ်။

“ လေကြောင်းကတော့ ဆက်တိုက်လာတယ်။ ဘယ်နှစ်ခေါက် ဘယ်နှစ်ကြိမ်ဆိုတာတောင် ကျနော်တို့ မမှတ်မိဘူး။ ဟို ရှေ့တန်းက ရဲဘော်တွေပေါ့နော ။ အဲဒီနဲ့ အဆက်အသွယ်လည်း မရဘူး။ ဒီကနဲ့တော့ လေကြောင်း လာတယ်လောက်ပဲ ကြားရပါတယ်။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခေါက်ဆိုတာနဲ့ ဘယ်အမျိုးအစား ဆိုတာလည်း အတိအကျတော့ မရသေးဘူး။ အများပိုင်းက ဂျက်ဖိုက်တာတွေကတော့ ဆက်တိုက်လာတယ်လို့ ပြောကြတယ်။ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ တိုက်တာ။ ဟို လက်နက်ကြီးတွေနဲ့ တော်တော်များများ ကို တိုက်တာ။ တနေကုန်လောက် သေနတ်သံတွေ ကြားပါတယ် ကျနော်တို့။ လက်နက်ကြီးသံတွေ ကြားပါတယ်။”

ဒေသတွင်းသတင်းမီဒီယာအချို့မှာ လိုင်လွမ်အောင်ဂျာစခန်းကို KIA က သိမ်းယူလိုက်ကြောင်း ဖော်ပြနေပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ အတည်ပြုချက် မရသေးကြောင်း ပြောပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဝိုင်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်အစပ် ဒေါ့ဖုန်းယန်ရဲ့ အထက်ဘက်မှာဖြစ်ပါတယ်။ ဒေါ့ဖုန်းယန်က ဒေသခံတဦးက ဒီနေ့ အခြေအနေကို အခုလို ပြောပါတယ်။

“ အောင်ဂျာဘက် ဒီနေ့ တိုက်ပွဲဖြစ်တယ်။ ခုနတုံးကတောင်မှ လေယာဉ် လာခဲ့သေးတယ်။ ၈နာရီ ဖြစ်တယ်လို့ ကြားတယ်။ အဲဒီ အောင်ဂျာ၊ နမ့်ဆန်ယန်ဘက်လေ။ ကျနော်တို့ ကြားတာက ဟိုမှာ တိုက်ပွဲဖြစ်တယ်လို့ပဲ ကြားသေးတယ်။ နည်းနည်းအထိနာလားတော့ မသိဘူး ခုနတုံးက ဂျက်ဖိုက်တာ တစီးပြန်တက်သွားပြီလေ။ ဂျက်ဖိုက်တာ တက်တာက ခုနက ၃နာရီခွဲပေါ့။ ၃ခွဲလောက်မှာ တက်သွားတာ။”

လေကြောင်းကနေ ၄ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း သတင်းဖော်ပြတာတွေလည်း ရှိနေပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ နမ့်ဆန်ယန်ဘက်ကို ဒေါ့ဖုန်းယန်ကနေ စစ်ရဟတ်ယာဉ်နဲ့ လူ လက်နက် ရိက္ခာတွေ ပို့ဆောင်နေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောဆိုထားပါတယ်။ ဗန်းမော်-မြစ်ကြီးနားလမ်းရှိ လိုင်လွမ်အောင်ဂျာအနီးမှာ စစ်ကောင်စီတပ်စခန်း ၃ခု ရှိတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက်နေ့က စခန်း တခုကို KIA က သိမ်းယူခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့စခန်း ၂ခုကို ဒီကနေ့ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဖားကန့်မြို့နယ် တာမခန်ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA အကြား လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေပြီး ဒေသခံ တချို့ တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီဘက်က သူတို့တိုက်ခိုက်တာ မရှိကြောင်းနဲ့ မုန်လိုင်ခက် စစ်ရှောင် စခန်းရှိ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲတာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သလို KIA ဘက်ကတော့ ယမ်းသိုလှောင်ရုံမရှိကြောင်းနဲ့ မုန်လိုင်ခက်မှာအကြီးစားဗုံးပေါက်ကွဲပြီးနောက်မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG