သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မှာ စစ်ကောင်စီစခန်းတခု KIA တိုက်ခိုက်သိမ်းပိုက် 


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ကပြောပါတယ်။ KIA တပ်မဟာ ၆ က မနက် ၄နာရီလောက်ကနေ နေ့ခင်း ၂ နာရီလောက်အထိ စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က လေကြောင်းသုံး ခုခံခဲ့တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းလည်း KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြထားပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA အကြား စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီးက စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်ခဲ့တာပါ။ ဒီကနေ့ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ ခမရ ၅၆၇ ဗျူဟာကုန်းတွေကို ဝင်တိုက်တယ်ဆိုတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ ကြူကုတ်- ပန်ဆိုင်းနားဘက်မှာ ကျမှာပါ။ မုန်းပေါ်ဘက်မှာ ၊ မူဆယ်မြို့နဲ့တော့ အရှေ့ဖက် ကျမှာ။ ဒီမနက် ၄နာရီခွဲ၊ ၅နာရီလောက်ကနေ ဝင်တိုက်တာဖြစ်ပါတယ်။ နေ့လည်လောက်မှာပဲ ဝင်သိမ်းရတယ်လို့ သတင်းကတော့ ကြားပါတယ်။ စခန်းကတော့ သိမ်းလို့တော့ ရပြီ။ စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့လည်း စစ်ကူတော့ ပစ်တော့ ပစ်တယ်တဲ့။ ဟို ဟတ်စကီးနဲ့လာတယ်၊ ဂျက်ဖိုက်တာနဲ့ လာတယ်။ ညနေ ၂နာရီခွဲအချိန်လောက်မှာပဲ ဝင် သိမ်းလို့ရတယ်၊ ဝင်စီးလို့ ရတယ်ဆိုတဲ့ သတင်းပေးပို့လာတာတော့ ရှိပါတယ်။ ”

ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ

သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီရဲ့တပ်စခန်းဟာ ယိန်းလတောင်စခန်းဖြစ်ပြီး KIA တပ်မဟာ ၆ လက်အောက်ခံတပ်က သိမ်းယူခဲ့တာဖြစ်ကြောင်းနဲ့ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိကြောင်း KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကတော့ အထိအခိုက်နဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းစာရင်းတွေ ပေးပို့လာတာ မရှိကြောင်း ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက ဒီကနေ့ KIA ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ အခြေအနေ မေးမြန်းနိုင်ဖို့ မုန်းပေါ်ဒေသခံတွေကို ဖုန်းခေါ်ဆိုခဲ့ပေမယ့် ခေါ်ဆိုလို့ မရခဲ့ပါဘူး။

မုန်းကိုးဒေသခံတယောက်ကတော့ မုန်းကိုးတပ်စခန်းကနေ အဲဒီဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိသလို လေယာဉ်လာရောက်တဲ့ အသံကိုလည်း ကြားရကြောင်း ပြောပါတယ်။

“ ဒီနေ့တော့ မုန်းကိုးကနေ လက်နက်ကြီးတော့ပစ်သွားတယ်။ ထုတာ ၁၀လုံးကျော်ကျော် လောက်ရှိတယ်။ ထုသွားတာ။ လေယာဉ်တော့ အသံပဲ ကြားတာဗျ။ ကျနော်တို့ ဒီမုန်းကိုးမှာတော့ မမြင်ဘူး။ အဲဒီဘက်ကပဲ ကြားနေတာပေါ့နော်။ ”

မုန်းကိုးနဲ့ မုန်းပေါ်ဟာ မိုင် ၂၀လောက် ကွာဝေးတာဖြစ်ပါတယ်။ ဒီလ ၁၈ရက်နေ့ကလည်း ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ် နောင်ဆွေရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့သလို ကချင်ပြည်နယ် ရွှေကူမြို့နယ် ငါးဘတ်ကြီး တပ်စခန်းကိုလည်း KIA တပ်ရင်း ၁၂ က တိုက်ခိုက်သိမ်းပိုက်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG