သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်စခန်း တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို အရေးယူဖို့ SAC-M တိုက်တွန်း


လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)
လိုင်ဇာမြို့အနီး မုန်လိုင်ခက် ဒုက္ခသည်စခန်းတိုက်ခိုက်ခံရမှု လူ ၃၀ သေဆုံး (အောက်တိုဘာ ၁၀၊ ၂၀၂၃)

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားက ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ၂၉ ယောက် သေဆုံးခဲ့တဲ့ စစ်တပ်ရဲ့ တိုက်ခိုက်မှုအတွက် စစ်ကောင်စီကို ဥပဒေကြောင်းကနေ အရေးယူနိုင်အောင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ချရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ပြောကြားလိုက်ပါတယ်။ သေဆုံးခဲ့သူ ၂၉ ယောက်ထဲမှာ ကလေးငယ် ၁၁ ယောက်ပါဝင်တဲ့ မုန်လိုင်ခက်ရွာအပေါ်တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ဒီနေ့ အောက်တိုဘာ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ရက်စက်တဲ့ကျူးလွန်မှုတွေကို စစ်တပ်က ဆယ်စုနှစ်နဲ့ချီလုပ်နေပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ဥပက္ခာပြုထားတဲ့အတွက် စစ်တပ်ဘက်က စစ်ဘေးဒုက္ခသည်စခန်းတွေကို တိုက်ခိုက်တဲ့အထိ ရဲတင်းလာတယ်လို့ အထူးအကြံပေးကောင်စီအဖွဲ့ဝင် Yanghee Lee ကကြေညာချက်ထဲမှာ ပြောထားပါတယ်။ လူမှုအသိုင်းအဝိုင်ထဲမှာ ခုခံနိုင်စွမ်း မရှိဆုံးသူတွေကို စစ်တပ်က သတ်ဖြတ်နေပေမဲ့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက စစ်တပ်ဟာ ကျူးလွန်သူဖြစ်တယ်လို့ လူသိရှင်ကြား မပြောတာကို သူကထောက်ပြပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေဘက်က ဘယ်လိုအခြေအနေရောက်မှာ ရပ်တည်မှာလဲလို့ မေးခွန်းထုတ်ထားပါတယ်။

မုန်လိုက်ခက် ဒုက္ခသည်စခန်းမှာ လူအများအပြား သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် မြန်မာစစ်တပ်ကို ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကအောက်တိုဘာ ၁၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး၊ လုံခြုံရေးကောင်စီအနေနဲ့ အရေးယူ ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်တပ်ဘက်ကတော့ လိုင်ဇာဒေသ၊ မုန်လိုက်ချက်နားမှာရှိတဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် KIA သင်တန်းကျောင်းမှာ ယမ်း သိုလှောင်ရုံပေါက်ကွဲခဲ့လို့ KIA အဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ကြေညာချက်ထုတ်ပြန်ပြီး သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG