သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA တပ်မဟာ ၉ နဲ့ အနန့်ပါကို စစ်ကောင်စီတိုက်ခိုက်


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါကို ဒီလ ၁၆ရက်နေ့ တနင်္လာနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိ အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။ KIA ဘက်ကတော့ စစ်ကောင်စီဘက်က တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါကို ဗုံးကြဲတိုက်ခိုက်တာ ရှိကြောင်း အတည်ပြုပေမဲ့အထိအခိုက်စာရင်း မရရှိသေးကြောင်း ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဖားကန့်မြို့နယ်က KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါ ၂နေရာကို ဒီလ ၁၆ရက်နေ့ ညနေ ၄နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဖားကန့်ဒေသခံတဦးက ဒီတိုက်ခိုက်မှုမှာ KIA အရာရှိ ၃ဦးခန့် သေဆုံးခဲ့တယ်လို့ သိရကြောင်း VOA ကို ပြောပါတယ်။

“ မနေ့က အနန့်ပါဘက်မှာ လေယာဉ် ၃စီးနဲ့ သွားချတာ။ အဲဒီမှာ KIA ဘက်က အရာရှိ ၃ယောက်တဲ့။ ၃ယောက် ကျသွားတယ်။ အရပ်သားတော့ မကြားသေးဘူး။ ဌာနချုပ်လည်းတွယ်တယ်။ အနန့်ပါမှာလည်း တွယ်တယ်။ နှစ်နေရာပေါ့ တခါတည်းနဲ့။ ”

အနန့်ပါမှာ ဈေးဆိုင်တန်းတွေရှိတာကြောင့် အရပ်သားအချို့လည်း ထိခိုက်နိုင်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ အနန့်ပါဘက်မှာ ဖုန်းဆက်သွယ်ဖို့ ခက်ခဲနေတာကြောင့် သတင်းအတိအကျ မရသေးပါဘူး။ အခြားဒေသခံတယောက်ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ အနန့်ပါရော၊ KIA တပ်မဟာ ၉ ရော။ တပ်မဟာ ၉မှာက ဗုံး ၃လုံးကျတယ်တဲ့။ အနန့်ပါမှာရော ဗုံး ၃လုံးလောက်ကျတယ်တဲ့။ အရာရှိတွေလည်း ပါသွားတယ်လို့တော့ ပြောတာပဲ။ ဈေးတန်းတွေလည်း ရှိတာပေ့ါနော။ အဲဒီမှာက ပြည်သူလူထုတွေလည်း ပါမှာပဲ။ အတိအကျတွေ မသိရသေးဘူး။”

ဒီတိုက်ခိုက်မှုကို KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ၆နာရီခွဲလောက်မျာ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ပြောကြားပါတယ်။

“ မနေ့က ၆နာရီကျော်ပေါ့နော်။ ၆နာရီ ၄၅ ၊ ၇နာရီကျော်လောက်အထိပေါ့။ မိုးချုပ်ခါနီးမှာပေါ့။ လေကြောင်းနဲ့ တိုက်ခိုက်တာရှိတယ်။ အနန့်ပါမှာလည်း ၃ - ၄ခေါက် ဗုံးကြဲပြီးမှ တပ်မဟာ ၉ ဘက်မှာလည်း ၃- ၄ခါ ဗုံးကြဲတယ်ဆိုတဲ့သတင်း တက်ပါတယ်။ နောက်ဖားကန့်ဘက်ကနေ လက်နက်ကြီးနဲ့လည်း အဲဒီပတ်ဝန်းကျင်မှာ ပစ်တာတွေကို သူတို့ သတင်းပို့လာတာရှိပါတယ်။ ”

KIA နဲ့ အရပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုသတင်းကိုတော့ ပေးပို့လာတာမရှိသေးကြောင်း အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ ဆီမှာတော့ တရားဝင်အကြောင်းကြားတာ မရှိပါဘူး။ ဒီအနန့်ပါမှာလည်း ပြည်သူလူထုတွေ ရှိတဲ့ဘက်မှာ ကျတော့ ကျတယ်လို့ ပြောတယ်။ ဒါပေမဲ့ ထိခိုက်မှုတွေ၊ သေဆုံးမှုတွေကတော့ အခုထက်ထိကတော့ ကျနော်တို့ ဆီမှာ အကြောင်းကြားလာတာတော့ မရှိသေးဘူးခင်ဗျ။”

ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့သတင်း မရရှိသေးကြောင်း၊ ဒေါ့ဖုန်းယန်က စစ်ကောင်စီ တပ်သားတွေကို မဒီးယန်ဘက်ကို ရဟတ်ယာဉ်နဲ့ ပို့ဆောင်နေကြောင်း နဲ့ စစ်ကောင်စီစစ်ကြောင်းတွေ မိုးလွဲချောင်းဘက်ကနေ ဒေါ့ဖုန်းယန်ဘက်ကို ဝင်လာနေကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

KNG ခေါ် ကချင်သတင်းဌာနကတော့ ဒီလ ၁၆ရက်နေ့ ညနေက KIA တပ်မဟာ ၉ ဌာနချုပ်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၃စီးနဲ့ ၅ကြိမ်ထက်မနည်းဗုံးကြဲတိုက်ခိုက်ခဲ့သလို အနန့်ပါကို ကံဆီးစစ်ဗျူဟာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ကြောင်း ဖော်ပြပါတယ်။ ဒီနှစ်နေရာ တိုက်ခိုက်မှုမှာ KIA အထက်တန်းအရာရှိနဲ့ တပ်သားအပါအဝင် အားလုံး ၁၀ဦးခန့် သေဆုံးခဲ့တယ်လို့ သိရကြောင်းနဲ့ အတည်ပြုချက် ရယူနေဆဲဖြစ်ကြောင်း ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၃ ရက် နေ့ညမှာလည်း ဖားကန့်မြို့နယ် အနန့်ပါရွာမှာ ကျင်းပတဲ့ KIA တည်ထောင်တဲ့ နှစ်ပတ်လည် အခမ်းအနားကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ ရှိခဲ့ဖူးပါတယ်။ ဒီတိုက်ခိုက်မှုမှာ KIA အရာရှိ၊ စစ်သည်အပါအဝင် လုပ်ငန်းရှင်နဲ့ ပြည်သူ စုစုပေါင်း ၆၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးပါတယ်။

ဒီလ ၉ရက်နေ့ကတော့ KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁၁ဦးအပါအဝင် ၂၉ဦး သေဆုံးပြီး ၅၇ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KIA ဘက်က ပြောပါတယ် ။ စစ်ကောင်စီဘက်ကတော့ သူတို့ တိုက်ခိုက်တာမရှိကြောင်းနဲ့ ဒါဟာ အမိုနီယမ်နိုက်ထရိတ်သိုလှောင်ရုံပေါက်ကွဲတာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပေမဲ့ KIA ပြန်ကြားရေးတာဝန်ခံက ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗုံးအကြီးတလုံးချခဲ့ပြီးနောက် လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိကြောင်းပြောဆိုထားပါတယ်။

XS
SM
MD
LG