သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြပွဲတွေ ပြင်းထန်


BANGLADESH-POLITICS-UNREST
BANGLADESH-POLITICS-UNREST

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် Sheikh Hasina ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာမှာ ဒါကာမြို့တော်က ဆန္ဒပြပွဲမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးသုံးပြီး လူစုခွဲခဲ့ပါတယ်။

ဝန်ကြီးချုပ် Hasina နုတ်ထွက်ပေးဖို့နဲ့ ပါတီစွဲမပါတဲ့ ယာယီ အိမ်စောင့် အစိုးရတရပ်ကို အာဏာလွှဲပြောင်းပေးပြီး ရှေ့နှစ် အထွေထွေ ရွေးကောက်ပွဲကို ဦးဆောင်ကြီးကြပ်ဖို့ တောင်းဆိုတဲ့ လူစုလူဝေး ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေ ဖြစ်နေတာပါ။

ဒါကာမြို့က Kakrail အရပ်မှာ ခုလို အကြမ်းဖက်မှုတွေ ဖြစ်နေချိန်မှာပဲ အဲ့ဒီနေရာနဲ့ မလှမ်းမကမ်း နောက်ထပ် နေရာတခုမှာလည်း ဝန်ကြီးချုပ်ဟောင်း Khaleda Zia ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီက တက်ကြွ လှုပ်ရှားသူတွေဟာ အာဏာရ Awami League ပါတီ အဖွဲ့ဝင်တွေ ပါတဲ့ ဘက်စ်ကားတစီးကို တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေနဲ့ သတင်းမီဒီယာတွေ က ဖော်ပြကြပါတယ်။

အကြမ်းဖက် အဓိကရုန်းတွေအတွင်း လူ ဘယ်နှစ်ယောက် ဒဏ်ရာရသလဲ ဆိုတာ သေချာ မသိရသေးပါဘူး။ ဝန်ကြီးချုပ်ဟောင်း Zia ကို ထောက်ခံသူတွေက အစိုးရဆန့်ကျင်တဲ့ ကြွေးကြော်သံတွေနဲ့ အော်ဟစ် ဆန္ဒပြကြတဲ့ နေရာမှာ လုံခြုံရေး အရာရှိတွေက အသံဗုံးနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့တဲ့ စနေနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်မှုတွေ ပိုပြီး ဆိုးလာခဲ့ပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ဖျက်ဆီးပစ်လိုက်တာလို့ Zia ရဲ့ အတိုက်အခံပါတီက အတွင်းရေးမှူးချုပ် Mirza Fakhrul Islam Alamgir က ပြောပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာ နိုင်ငံတဝန်း သပိတ်ပွဲတွေ တနေကုန် ကျင်းပသွားမယ်လို့လည်း သူက ကြေညာထားပါတယ်။ အာဏာရပါတီကလည်း အကြမ်းဖက်ဖို့ ကြိုးစားသူတွေကို အင်အားသုံး ပြန်လည် တုံ့ပြန်မယ့်အကြောင်း အစောပိုင်းကတည်းက သတိပေးထားပါတယ်။ လောလောဆယ် ဆန္ဒပြနေတဲ့ နေရာအနီးမှာ နယ်ခြားစောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ တွေ့နိုင်သလို၊ အာဏာပိုင်တွေက ရဲ အင်အား ၁ သောင်းလောက် လုံခြုံရေး ချထားပါတယ်။

XS
SM
MD
LG