သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီ ဗုဒ္ဓဟူးနေ့ တွေ့မည်


(ပုံဟောင်း) China_United States presidents
(ပုံဟောင်း) China_United States presidents

သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီ ဗုဒ္ဓဟူးနေ့ တွေ့မည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ လာမယ့်အပတ် ဗုဒ္ဓဟူးနေ့ကျရင် တနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံကြမယ်လို့ အိမ်ဖြူတော်က သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့စူပါပါဝါနှစ်နိုင်ငံကြား တင်းမာမှုတွေကို လျှော့ချဖို့ ရည်ရွယ်တဲ့ သံတမန်ရေးအရ အရေးပါတဲ့ အခုတွေ့ဆုံမှုကို အမေရိကန် အနောက်ခြမ်းက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုပင်လယ်အော်ဧရိယာမှာ ကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးရဲ့ ဘေးပန်းမှာ ပြုလုပ်မှာ ဖြစ်ပြီး နာရီအတန်ကြာ ကြာမြင့်နိင်ကာ ခေါင်းဆောင်နှစ်ဦးနဲ့ အတူ နှစ်နိုင်ငံ တာဝန်ရှိသူတွေလည်းပါဝင်ပါမယ်။

ဒီတွေ့ဆုံမှုမှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု၊ ထိုင်ဝမ် အရေး၊ အင်ဒို-ပစိဖိတ်ဒေသ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး၊ လူ့အခွင့်အရေး၊ ဉာဏ်ရည်တုနည်းပညာ၊ မျှတတဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး စတဲ့ ကမ္ဘာ့ ပြဿနာတွေကို လွှမ်းခြုံဆွေးနွေးကြမယ်လို့ မျှော်လင့်ရကြောင်း အမေရိကန် အကြီးတန်း အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

"ဘယ်လို ကိစ္စရပ်မျိုးကိုမှ ကန့်သတ်ထားမှာ မဟုတ်ဘဲ အရာအားလုံးက ဆွေးနွေးပွဲ စကားဝိုင်းမှာ ရှိနေတယ်" လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတဦးကလည်း သတင်းထောက်တွေကို ပြောပါတယ်။ အခုတွေ့ဆုံမှုမှာ နိုင်ငံရပ်ခြားက ရွေးကောက်ပွဲတွေမှာ တရုတ်က သြဇာလွှမ်းမိုးဖို့ ကြိုးစားလာနေတာနဲ့ တရုတ်နိုင်ငံထဲမှာ မှားယွင်းစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံနေရတယ်လို့ ယုံကြည်ထားတဲ့ အမေရိကန် နိုင်ငံသားတွေ အရေးကိုလည်း ဘိုင်ဒန်က ထည့်သွင်း ပြောဆိုမယ် ယူဆရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ပြည်ထောင်စုကို နိုဝင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ လာရောက်ပြီး အေပက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ကာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သောကြာနေ့မှာ ကြေညာပါတယ်။

ရှီက အသက် (၈၀) ရှိပြီ ဖြစ်တဲ့ ဘိုင်ဒန်ထက် ၁၀ နှစ်ငယ်ပြီး ခေါင်းဆောင် နှစ်ဦးဟာ ဆယ်စုနှစ်တခုကျော်ကြာ သိကျွမ်းခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် ဘိုင်ဒန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးချိန်နောက်ပိုင်း အပြန်အလှန် ခြောက်ကြိမ်လောက်ပဲ စကားပြောဆိုထားကြပါတယ်။ အခုတွေ့ဆုံမှုမှာ အပြန်အလှန် သံသယစိတ်တွေ၊ မကျေမနေ ဖြစ်မှုတွေနဲ့ အတူ စကားပြောဆိုကြဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG