သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး သုံးရက်တာ ဝါရှင်တန်ခရီးစဉ်လာရောက်မည်


တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (အောက်တိုဘာ ၁၈။ ၂၀၂၃)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (အောက်တိုဘာ ၁၈။ ၂၀၂၃)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဒီနေ့ ကြာသပတေးနေ့ကစပြီး သုံးရက်ကြာခရီးစဉ်အဖြစ် ဝါရှင်တန်ကို လာရောက်ဖို့ ရှိပါတယ်။ ဒါဟာ တရုတ်က ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် အမေရိကန်နဲ့ ပြိုင်ဆိုင်မှုမြင့်တက်နေချိန် တပြိုင်တည်းမှာပဲ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိအဆင့် ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ထဲက နောက်ဆုံးလုပ်ဆောင်မှုဖြစ်ပါတယ်။

ဝမ်ယီဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၊ နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျက်ဆူလီဗန်တို့နဲ့တွေ့ဆုံပြီး အစ္စရေး-ဟားမတ်စ်စစ်ပွဲ၊ ယူကရိန်း-ရုရှားစစ်ပွဲနဲ့ မကြာသေးမီကဖြစ်ခဲ့တဲ့ တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောတိုက်မှုအပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

လာမယ့် နိုဝင်ဘာလထဲမှာ ဆန်ဖရန်စစ္စကိုမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီးအစည်းအဝေးပြင်ပမှာ သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ရဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ တွေ့ဆုံမှုမတိုင်မီ ဝမ်ယီရဲ့ အမေရိကန်ခရီးစဥ် ဖြစ်လာတာပါ။ နှစ်ဘက်တာဝန်ရှိသူတွေကတော့ ခေါင်းဆောင်တွေ တွေ့ကြမလားဆိုတာကို အတည်မပြုထားသလို ဝမ်ယီရဲ့ခရီးစဉ်ကလည်း ဒီတွေ့ဆုံပွဲအတွက် ကြိုတင် ပြင်ဆင်ချက်လားဆိုတာကို ထုတ်မပြောဘဲ ဇွန်လတုန်းက ဘလင်ကန်ရဲ့ ဘေဂျင်းခရီးစဥ်အတွက် ဝါရှင်တန်ဒီစီကို အပြန်အလှန်သဘော လာရောက် လည်ပတ်မှုလို့သာ ဖော်ပြပါတယ်။ ဒါ့အပြင် သမ္မတ ရှီဟာ APEC ထိပ်သီးအစည်းအဝေးအတွက် ဆန်ဖရန်စစ္စကို-ကို လာမလားဆိုတာကိုလည်း တရုတ်အစိုးရက အတည်ပြုခြင်းမရှိသေးပါဘူး။

ဝမ်ယီဟာ အမေရိကန်နဲ့ ဆက်ဆံရေးအတွက် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ အခြေခံမူတွေကို ရှင်းလင်းပြောကြားဖို့ စီစဉ်ထားကြောင်း အင်္ဂါနေ့က နေ့စဥ်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နိုင်က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေပြီး တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ပြန်လည် ပြန်လည်ရောက်ရှိဖို့ မျှော်လင့်ကြောင်း မော်က ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ ထုတ်ပြန်လေ့ရှိတဲ့ တရုတ်အစိုးရရဲ့ အမေရိကန်အစိုးရအပေါ် သဘောထားတွေထက် ပိုပြီး အကောင်းမြင်တဲ့ လေသံမျိုးကို ထင်ဟပ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ကုန်သွယ်ရေးမညီမျှမှု၊ တရုတ် အနောက်မြောက်ပိုင်းဒေသက ရှင်ကျန်း ဒေသက ဝီဂါ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေအပြင် တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးတင်းမာမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ဘက်က ဖိအားတွေ တိုးမြင့်တက်လာမှုနဲ့ ကူးစက်ရောဂါလို ကိစ္စရပ်တွေကြောင့် ၂၀၁၈ ခုနှစ်ကတည်းက ဆိုးရွားနေတာပါ။

မနှစ်နိုဝင်ဘာလတုန်းကတော့ အမေရိကန်သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ကျင်းပတဲ့ ချမ်းသာကြွယ်ဝပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ဦးဆောင်အဖွဲ့ ၂၀ (G 20) အစည်းအဝေး ဘေးပန်းမှာ တွေ့ဆုံခဲ့ကြပြီး နှစ်ဘက်ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရေး၊ သီးခြားကိစ္စရပ်တွေအတွက် အလုပ်အဖွဲ့များ ဖွဲ့စည်းရေးနဲ့ အဆင့်မြင့်အရာရှိတွေ သီးခြား လူချင်းတွေ့ဆုံရေး တိုးမြှင့်ဖို့ နှစ်ဘက်သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG