သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်က တရုတ်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ တရုတ်အစိုးရ သတိပေးချက်ထုတ် 


တရုတ်သံအမတ်နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှာတွေ့ (နိုဝင်ဘာ ၂၃၊၂၀၂၃)
တရုတ်သံအမတ်နဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်မှာတွေ့ (နိုဝင်ဘာ ၂၃၊၂၀၂၃)

တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လောက်ကိုင်မြို့မှာ သောင်တင်နေကြတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အန္တရာယ်မြင့်မားနေတဲ့အတွက် အမြန်ဆုံး ဘေးလွတ်ရာသွားကြဖို့ တရုတ်သံရုံးက သောကြာနေ့ ညနေပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့ကနေ အမြန်ဆုံး ဘေးလွတ်ရာသွားကြဖို့ ထုတ်ပြန်ကြောင်း Reuters သတင်းနဲ့ တရုတ်နိုင်ငံက CGTN သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ မနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီးနောက်မှာ ခုလို တရုတ်နိုင်ငံသားတွေ ဘေးလွတ်ရာသွားကြဖို့ တရုတ်သံရုံးက တိုက်တွန်းတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိဆက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့က စစ်တပ်အပေါ် စစ်ဆင်ရေးဆက်လုပ်နေချိန်မှာ တရုတ်နဲ့ မြန်မာအဆင့်မြင့် သံတမန်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ တရုတ်သံအမတ်ကြီး Chen Hai ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ သီးခြားတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံတပ်မတော် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ထပ်မံ သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်ဦးနှစ်ဖက်က အတူတကွ ဂရုပြုကြတဲ့ ကိစ္စရပ်တွေကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် နှစ်ဖက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ နယ်စပ်ဂိတ်တခုဖြစ်တဲ့ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကုန်တင်ကားတွေ ကုန်တင် ကုန်ချ ရပ်နားတဲ့ ဝန်းထဲမှာ လက်နက်ကြီးကျည်ကျလို့ ပေါက်ကွဲ မီးလောင်ပြီး ကုန်တင်ကား အများအပြာ ပျက်စီးခဲ့တဲ့ ကြာသပတေးနေ့မှာ ခုလို တရုတ် မြန်မာ အဆင့်မြင့် သံတမန်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လက်နက်ကြီးကျည်နဲ့ပတ်သက်လို့ ကိုးကန့် MNDAA နဲ့ တအာင်း TNLA အဖွဲ့တို့လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ကိုးကန့်အဖွဲ့ဖက်က ဒါကို လုံးဝငြင်းဆန်ခဲ့သလို TNLA ဘက်ကလည်း ပြည်သူ့အကျိုးစီးပွားတွေကို ဖျက်စီးမှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

ကားကြီးဝန်းနား ပေါက်ကွဲမှု မဖြစ်ခင် တရက်အလိုက ကျင်စန်းကျော့ နယ်စပ်ဝင်ထွက်ဂိတ်နားမှာ စစ်တပ်နဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားအဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အနီးဆုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကနေ အဲဒီဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်ခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG