တရုတ်-မြန်မာ စီးပွါးရေးစင်္ကြံ (CMEC) ကို သီရိလင်္ကာအထိချဲ့ဖို့ တရုတ်က ဦးစားပေးထားကြောင်း တရုတ်နိုင်ငံရဲ့ အထူးသံတမန်က သီရိလင်္ကာ သမ္မတ ရာနီးလ် ဝီကရီမီဆင်းဂေး (Ranil Wickremesinghe) ကို တနင်္လာနေ့က ပြောလိုက်ပါတယ်။ အခုလိုပြောဆိုကြောင်း သီရိလင်္ကာသမ္မတရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားကြောင်း the hindu သတင်းက ပြောပါတယ်။
တရုတ်-သီရိလင်္ကာ လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာမှာ အရှိန်အဟုန်မြှင့်တင်ဖို့လည်း ကြေညာချက်မှာ ပြောပါတယ်။ တရုတ်ရဲ့ပိုးလမ်းမသစ် စီမံကိန်းအောက်မှာ ကုန်းလမ်းစင်္ကြံ ၆ ခုရှိတဲ့အနက် တရုတ်-မြန်မာ စီးပွါးရေးစင်္ကြံက နောက်ဆုံးဖြစ်ပေါ်လာတဲ့ စင်္ကြံဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စင်္ကြံက ရပ်နေပါတယ်။ အိန္ဒိယနဲ့ ဘူတန်တို့က တရုတ်ရဲ့ပိုးလမ်းမသစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်တွေမှာမပါဝင်တဲ့ တောင်အာရှ ၂ နိုင်ငံပါ။ ပိုးလမ်းမသစ်စီမံကိန်းမှာပါတဲ့ သီရိလင်္ကာနိုင်ငံဟာ စီမံကိန်းရဲ့ ဒုတိယအဆင့်ကိုသွားဖို့ ပြင်ဆင်နေပြီလို့ သမ္မတ ရာနီးလ် ဝီကရီမီဆင်းဂေး က ပြောပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့အိမ်နီးချင်း မော်လ်ဒိုက်ဗ်နိုင်ငံရဲ့ နိုဝင်ဘာ ၁၇ သမ္မတသစ်ကျမ်းကျိန်ပွဲကို တက်ခဲ့ပြီးတဲ့နောက် တရုတ်အထူးသံတမန်ဟာ သီရိလင်္ကာနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။