သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ်စ်အကြား တိုက်ပွဲတွေပြန်ဖြစ်


အစ္စရေးနဲ့ ဟာမတ်စ်အကြား ပါလက်စတိုင်းတောင်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ် (ဒီဇင်ဘာ ၁၊ ၂၀၂၃)
အစ္စရေးနဲ့ ဟာမတ်စ်အကြား ပါလက်စတိုင်းတောင်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ် (ဒီဇင်ဘာ ၁၊ ၂၀၂၃)

အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကြား ဒီနေ့ သောကြာနေ့မှာ အပြန်အလှန် ပြန်တိုက်နေကြပါတယ်။ အစ္စရေးဓါးစာခံတွေ ပြန်လည်လွတ်မြောက်လာရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ရေးအတွက် ၇ ရက်ကြာယာယီ အပစ်အခတ်ရပ်ဆိုင်းထားခဲ့ပြီး ဒီနေ့ပြန်လည်တိုက်ခိုက်နေကြတာပါ။ ယာယီအပစ်ရပ်သဘောတူညီမှုကို ချိုးဖောက်တယ်လို့ ၂ ဘက်လုံးက အပြန်အလှန် အပစ်တင်ပါတယ်။ အစ္စရေးဘက်ကို ဟာမတ်စ် စစ်သွေးကြွတွေက ရော့ကတ်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာတောင်ပိုင်း Khan Younis မြို့မှာရှိနေကြသူတွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးအတွက် နောက်ထပ်တောင်ပိုင်းကို ဆက်သွားကြဖို့ အစ္စရေးဘက်က စာတွေကြဲခဲ့ပါတယ်။ ပါလက်စတိုင်းနယ်မြေတွေအပေါ် အစ္စရေးစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လည်စတင်ပြီး နာရီပိုင်းအတွင်း သေဆုံးသူ ၃၂ ယောက်ထက်မနည်းရှိတယ်လို့ ဂါဇာဒေသကို အုပ်ချုပ်တဲ့ ဟာမတ်စ် ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

ဂါဇာဒေသမှာ အခုထက်ထိ လည်ပတ်နေစဲ အကြီးဆုံးဆေးရုံမှာ စစ်ပွဲအတွင်း ဒဏ်ရာရတဲ့ ကလေးငယ် လူနာသစ်တွေကို ထပ်ပြီးလက်ခံ ကုသမပေးနိုင်တော့ဘူးလို့ UNICEF အကြီးအကဲ James Elder က X လူမှုကွန်ရက်ပေါ်မှာ ပြောကြားခဲ့ပါတယ်။ ဩဇာအရှိန်အဝါရှိသူတွေကလည်း ကလေးငယ်တွေသတ်ဖြတ်ခံနေရတာကို ဘာမှမလုပ်ဘဲ ဒီတိုင်းကြည့်နေကြတယ်လို့ စွပ်စွဲလိုက်သလို ကလေးငယ်တွေအပေါ် စစ်ဆင်နွဲနေတာဖြစ်တယ်လို့ သူက ပြင်းထန်တဲ့ အသုံးအနှုန်းတွေနဲ့ ဗွီဒီယို နဲ့ပြောကြားခဲ့တာဖြစ်ပါတယ်။

အစ္စရေးကို ကြာသပတေးနေ့က သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ အစ္စရေးအနေနဲ့ ဟာမတ်စ် တိုးရဲ့ အန္တရာယ်ကို ရှင်းလင်းတဲ့နေရာမှာ အပစ်မဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ် Benjamin Netanyahu နဲ့တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။ အစ္စရေးနဲ့ ဟာမတ်စ် ယာယီ အပစ်အခတ်ရပ်ဆိုင်းထားချိန်အတွင်း စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံ ၁၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ပြီး အစ္စရေးဘက်ကလည်း အစ္စရေးအကျဉ်းထောင်တွေကနေ ပါလက်စတိုင်း အကျဉ်းသား ၂၄၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG