သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ် တရုတ်အဆိုပြု


 နိုဝင်ဘာ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အချက် (၄) ချက်ကို တင်ပြစဥ်။
နိုဝင်ဘာ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အချက် (၄) ချက်ကို တင်ပြစဥ်။

နိုဝင်ဘာ ၂၉ ရက် (ဗုဒ္ဓဟူးနေ့) က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအတွက် အချက် (၄) ချက်ကို တင်ပြခဲ့ပါတယ်။

အခုစစ်ပွဲက အစ္စရေးနိုင်ငံနဲ့အတူ ပါလက်စတိုင်းနိုင်ငံရပ်တည်နိုင်ရေး အရေးတကြီးလိုအပ်နေကြောင်း ပြသနေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) က လုံခြုံရေးကောင်စီကို ပြောပါတယ်။ “အစ္စရေးနဲ့ပါလက်စတိုင်း နှစ်ပြည်ထောင် မူဝါဒ ဖြေရှင်းချက်ရဲ့ နိုင်ငံရေးအလားအလာကို ခိုင်မာတဲ့သန္နိဋ္ဌာန်နဲ့ ပြန်လည်အသက်သွင်းသင့်တယ်” လို့ ဝမ်ယီက ပြောပါတယ်။

ပါလက်စတိုင်းနိုင်ငံအဖြစ် မရှိဘဲဖြစ်နေတာက ပါလက်စတိုင်း-အစ္စရေးအရေးမှာ ထပ်ပြန်တလဲလဲ ပဋိပက္ခတွေဖြစ်နေတာရဲ့ အဓိကအချက်ဖြစ်ကြောင်း သူကပြောပါတယ်။ “အစ္စရေးဟာ လွတ်လပ်တဲ့နိုင်ငံကို ထူထောင်နိုင်ခဲ့တာကြာပြီဖြစ်ပြီး ဂျူးလူမျိုးတွေ မိခင်တိုင်းပြည်မရှိတော့တဲ့ အခြေအနေမဟုတ်တာ ကြာပါပြီ” လို့ ဝမ်ယီက ပြောပါတယ်။ “ဒါပေမယ့် ပါလက်စတိုင်း ပြည်သူတွေအတွက်ကတော့ နိုင်ငံအဖြစ်ရပ်တည်ခွင့်၊ သူတို့ရဲ့တည်ရှိခွင့်နဲ့ သူတို့ရဲ့နေရာကိုပြန်လာခွင့် အခွင့်အရေးတွေကို လျစ်လျူရှုခံနေရတာကလည်း ကြာပြီ” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ထောက်ပြခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တခြား အမေရိကန်တာဝန်ရှိသူတွေကလည်း ဒီအကျပ်အတည်းမှာ နှစ်ပြည်ထောင် ရပ်တည်တဲ့ ဖြေရှင်းချက်လုပ်ဆောင်ဖို့ ထောက်ခံပြောဆိုတာတွေ ရှိပါတယ်။ တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ပုံဖော်နိုင်ဖို့ အခုလို ကမ္ဘာ့အရေးအရာရေး ဝင်ရောက်ပြောဆိုတာဖြစ်ပေမယ့် အခု တင်ပြတဲ့ ငြိမ်းချမ်းရေးအစီအစဉ်မှာ အသေးစိတ်တင်ပြချက်တွေတော့ မပါဝင်ပါဘူး။

အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ဂါဇာစစ်ပွဲအရေးဖြေရှင်းနိုင်ဖို့ သူ့ရဲ့ကြိုးပမ်းချက်တွေကို ကောင်စီကို တင်ပြခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ပတ်သက်ပြီး အမေရိကန်ကပဲ ဆယ်စုနှစ်တွေနဲ့ချီ လက်ဝါးကြီးအုပ်ကြီးစိုးနေခဲ့ပြီး တရုတ်ကစေ့စပ်ညှိနှိုင်းရာမှာ အခန်းကဏ္ဍမရှိသလောက်ပဲ ဖြစ်နေခဲ့တာပါ။

အခု ငြိမ်းချမ်းရေးတင်ပြချက်က အရှေ့အလယ်ပိုင်း နိုင်ငံရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ ပါဝင်ဖို့ဆန္ဒရှိနေတာကို တရုတ်နိုင်ငံက ပထမဆုံးအကြိမ် ပြသခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ပဋိပက္ခတွေကို မီးထိုးပေးတဲ့ ဆော်ဒီအာရေဗျနဲ့အီရန် ပြိုင်ဆိုင်မှုကို တရုတ်က ကြားဝင် စေ့စပ်ခဲ့လို့ ဒီနှစ်အစောပိုင်းမှာ ဖြေလျှော့နိုင်ခဲ့ပြီး တင်းမာနေတဲ့နှစ်နိုင်ငံကြား မတ်လက သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ခဲ့တဲ့ ဖြစ်စဥ် လတ်တလော ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG