သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူမားတြား ရေကြီးမြေပြိုမှု ၁၂ ဦးပျောက်ဆုံး 


INDONESIA-LANDSLIDE
INDONESIA-LANDSLIDE

ဆူမားတြား ရေကြီးမြေပြိုမှု ၁၂ ဦးပျောက်ဆုံး

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမှာ မိုးကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

သောကြာနေ့နှောင်းပိုင်းမှာ တောင်ကမ်းပါးပြိုကျလို့ ရွှံ့နွံတွေ၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေက တောင်စောင်းကျေးရွာတွေကတဆင့် အောက်ပိုင်းက မြစ်ထဲ အထိ ရောက်ခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။

အေဂျင်စီက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ဘုရားကျောင်းတကျောင်း၊ စာသင်ကျောင်းနဲ့ ဟိုတယ်နဲ့ နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရပါတယ်။ ဆူမာတြားမြောက်ပိုင်းက ဧည့်သည် အလာများတဲ့ Toba ရေကန်အနီးက Simangulampe ရွာမှာ အဆိုးဆုံးထိခိုက်ခဲ့ပြီး လူအများအပြား ရွှံ့နွံတွေအောက်မှာ နစ်မြုပ်ကာ အိမ်တွေလည်းပျက်စီးခဲ့ပါတယ်။

မြေပြိုမှုကြောင့် ရွာသားတဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး အနီးနားက ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။ ရွာထဲက မိသားစု ၅၀ လောက်ဟာ ယာယီ ခိုလှုံရာနေရာတွေမှာ ပြောင်းရွှေ့နေရပါတယ်။ ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်စာရင်းကို ပြုစုနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ရွှံ့နွံထူထပ်ပြီး၊ အပျက်အစီးတွေနဲ့ ဧရာမကျောက်တုံးကြီတွေက လမ်းတွေပေါ်မှာ ပိတ်ဆို့နေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကလည်း နှောင့်နှေးနေပါတယ်။

တခါ ဖိလစ်ပိုင်နိုင်ငံမှာတော့ တောင်ပိုင်း မင်ဒါနာအိုကျွန်းကမ်းလွန်မှာ စနေနေ့ညက ပြင်းအား ၇.၆ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဖိလစ်ပိုင်အာဏာပိုင်တွေ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားပါတယ်။ အမေရိကန် ဘူမိဌာနရဲ့ ထုတ်ပြန်ချက်အရ အနက် မိုင် ၂၀ လောက်မှာ ညပိုင်း ၁၀ နာရီ ၃၇ မိနစ်က လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး အပျက်အစီးနဲ့ အသေအပျောက်သတင်းတွေတော့ မသိရသေးပါဘူး။

XS
SM
MD
LG