သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ်အရေး အစ္စရေး၊ ဂျော်ဒန်ခေါင်းဆောင်တွေနဲ့ ကန် သမ္မတ ဆွေးနွေး

အမေရိကန်သမ္မတ Joe Biden
အမေရိကန်သမ္မတ Joe Biden

အရှေ့အလယ်ပိုင်း ဂါဇာဒေသအရေးကို အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ တယ်လီဖုန်းပေါ်မှာ သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။ ပါလက်စတိုင်း Hamas စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေ လွတ်မြောက် မလာသေးတာ စိုးရိမ်စရာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ ကြာသပတေးနေ့က ဆွေးနွေးစဉ် သမ္မတ Biden က ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

ဂါဇာဒေသထဲကို လူသားချင်းစာနာတဲ့အကူအညီတွေ မပြတ် ရေရှည် ပို့ပေးနိုင်ဖို့နဲ့ အရပ်သားတွေကို ကာကွယ်ဖို့ အရေးကြီးတာကိုလည်း သမ္မတက အလေးထားပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဂါဇာမြောက်ပိုင်းကနေ တောင်ပိုင်းကိုပါ တိုးချဲ့စစ်ဆင်နေတဲ့ အစ္စရေးအနေနဲ့ ပါလက်စတိုင်းအရပ်သားတွေ မထိခိုက်အောင် ကာကွယ်မယ်လို့ ပြောထားပေမဲ့ လက်တွေ့အပြောနဲ့ အလုပ် မညီဘူးလို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း ကြာသပတေးနေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Hamas အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ကြွေးကြော်ထားတဲ့ အစ္စရေးက ဂါဇာဒေသအပေါ် ဒီနေ့လည်း အပြင်းအထန် ဆက်လက် တိုက်ခိုက်နေပါတယ်။ ကြာသပတေးနေ့ကလည်း ဂါဇာဒေသထဲက ပစ်မှတ် ၄၅၀ လောက်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတွေကနေ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ Hamas အဖွဲ့ကြားဖြစ်နေတဲ့ စစ်ပွဲ ၃ လပြည့်သွားပြီဖြစ်ပြီး အစ္စရေးတို့ပိတ်ဆို့ တိုက်ခိုက်နေတဲ့ ဂါဇာမှာ လုံခြုံတဲ့နေရာဆိုတာ မရှိတော့တဲ့အတွက် အကူအညီပေးတဲ့လုပ်ငန်းတွေ ရပ်သလောက်ဖြစ်နေပြီလို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။ လူဦးရေ ၂ သန်းရှိတဲ့ ဂါဇာဒေသမှာနေသူ ၈၅ ရာခိုင်နှုန်းလောက် အိုးအိမ်ပစ် ဘေးလွတ်ရာ ပြေးနေကြရပြီး တချို့ဆို တကြိမ်မက စစ်ဘေးလွတ်မယ့်နေရာတွေကို သွားရောက် ပုန်းခိုနေကြရတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG