သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်နီမှာ ကုန်တင်သင်္ဘော (၂) စင်းကို ယီမင် ဟူသီသူပုန်တွေ ပစ်ခတ်တိုက်ခိုက်


 ဂါဇာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ လမ်းလျှောက်ချီတက်ပွဲအတွင်း ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Yahya Saree က ပင်လယ်နီထဲက ကုန်တင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်။ ဒီဇင်ဘာ ၁၅၊ ၂၀၁၃ ခုနှစ်။ ဓာတ်ပုံ MOHAMMED HUWAIS / AFP
ဂါဇာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ပြသတဲ့ လမ်းလျှောက်ချီတက်ပွဲအတွင်း ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် Yahya Saree က ပင်လယ်နီထဲက ကုန်တင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်။ ဒီဇင်ဘာ ၁၅၊ ၂၀၁၃ ခုနှစ်။ ဓာတ်ပုံ MOHAMM

ယီမင် အခြေစိုက် အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေက ပင်လယ်နီထဲက Bab el-Mandab ရေလက်ကြားမှာ ကုန်တင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးအရာရှိတဦးက သောကြာနေ့မှာ ပြောပါတယ်။ သူပုန်တွေဟာ အဲဒီမှာ နှစ်ရက်ဆက် ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒုတိယနေ့ တိုက်ခိုက်မှုအတွင်း ဂျာမန်ပိုင် ကွန်တိန်နာသင်္ဘော Al Jasrah ကို ဒုံးကျည်တစင်း ထိမှန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်မှု ဖြစ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက် နာရီအတန်ကြာမှာ MSC Palatium လို့ အမည်ပေးထားတဲ့ ဒုတိယ ကုန်တင်သင်္ဘောတစင်းကိုလည်း ဒုံးကျည်ထိမှန်ခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့ကြောင်း အမေရိကန် အရာရှိကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိ အတိအကျ မသိရသေးပါဘူး။

သောကြာနေ့နှောင်းပိုင်းယီမင်နိုင်ငံ မြို့တော် ဆာနာမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ Yehia Sareea က အဲဒီသင်္ဘောနှစ်စင်းကို ယီမင် ရေတပ်က ခေါ်ဆိုရာမှာ တုံ့ပြန်တာ မလုပ်ခဲ့လို့ ဒုံးကျည်နဲ့ ပစ်ခဲ့တာလို့ ပြောပါတယ်။ အစ္စရေးဆိပ်ကမ်းတွေကလွဲလို့ ကမ္ဘာအနှံ့က ကျန်တဲ့ ဆိပ်ကမ်းတွေဆီ ဦးတည်သွားတဲ့ သင်္ဘောတွေကို ယီမင်ဟူသီတပ်ဖွဲ့ အနေနဲ့ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပေမယ့် သင်္ဘောတွေ အနေနဲ့ လမ်းကြောင်းပြ စနစ်ကို ဖွင့်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ကို ရောက်နေတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sulivan ကတော့ ဒီလို တိုက်ခိုက်မှုတွေကို သောကြာနေ့က ရှုတ်ချခဲ့ပါတယ်။ Bab el-Mandeb ရေလက်ကြားမှာ လွတ်လပ်စွာ လှုပ်ရှားခွင့်၊ ကုန်စည် သင်္ဘောတွေရဲ့ သွားလာခွင့်နဲ့ တရားဝင် ကူးသန်းရောင်းဝယ်ခွင့်တွေကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြောပါတယ်။ ဒီလုပ်ရပ်အတွက်လည်း အီရန်နိုင်ငံအပေါ် အပြစ်တင်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ “ဟူသီသူပုန်တွေက ပစ်ခတ်တာဖြစ်ပေမယ့် အီရန်က လက်နက်တပ်ဆင်ပေးထားတာ ဖြစ်လို့ ဒီတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အီရန် အစိုးရမှာ တာဝန်ရှိတယ်” လို့ Jake Sulivan က ပြောပါတယ်။

သောကြာနေ့က ဘာလင်မှာ ဂျာမနီ ကာကွယ်ရေးဝန်ကြီး Annalena Baerbock ကလည်း ပင်လယ်နီထဲက သင်္ဘောတွေ အထူးသဖြင့် ဂျာမန်ပိုင် သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာကို ရှုတ်ချခဲ့ပြီး တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ ဟူသီတွေကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG