သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် အကူအညီတွေ ချက်ချင်းပေးနိုင်ရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု


UNSC
UNSC

ဂါဇာအတွက် အကူအညီတွေ ချက်ချင်းပေးနိုင်ရေး ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ အတည်ပြု

စစ်ဘေးသင့် ဂါဇာကမ်းမြောင်မှာ အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ချက်ချင်း ပေးဖို့ ဆုံးဖြတ်ချက်ကို သောကြာနေ့မှာ အမေရိကန်က ဗီတို အာဏာမသုံးခဲ့လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အတည်ပြုနိုင်ခဲ့ပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီမှာ ဂါဇာဒေသကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ အပစ်ရပ်ရေးအဆိုပြုမူကြမ်းကို စေ့စပ်ညှိနှိုင်းမှုတွေ အချေအတင်လုပ်ခဲ့ရတာပါ။

ပထမတကြိမ်မဲခွဲတုန်းက ဗီတိုသုံး ပယ်ချခဲ့တဲ့ အမေရိကန်ကတော့ မူလ တောင်းဆိုချက် ယာယီ အပစ်ရပ်ရေး အပါအဝင် ပြင်ဆင်ချက်တချို့ ပါတဲ့ မူကြမ်းကို သောကြာနေ့မှာ မဲမပေးဘဲ နေခဲ့လို့ အခုလို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရန်လိုမှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ရုရှားရဲ့ ပြင်ဆင်ချက်မူကြမ်းကို အမေရိကန်က ပယ်ချခဲ့ပြီးနောက်မှာ အခုဆုံးဖြတ်ချက် ထွက်ပေါ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီကနေ့ လုံခြုံရေးကောင်စီကနေ ဘေးကင်းလုံခြုံပြီး အတားအဆီးမဲ့ လူသားချင်းစာနာမှု အကူအညီဝင်ရောက်ခွင့်ပြုဖို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရေရှည်မှာ ရပ်တန့်နိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးမယ့် အရေးပေါ်ခြေလှမ်းတွေအတွက် တောင်းဆိုထားပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Linda Thomas-Greenfield က လုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် အဖြစ် စစ်ရပ်ရေးကို ဦးတည်စေတဲ့ စကားလုံးအသုံးအနှုန်းတွေကို သုံးပြီး အလေးပေးပြောခဲ့ပါတယ်။

တဖက်မှာလည်း အစ္စရေး ဓားစာခံတွေကို ချက်ခြင်းပြန်လွှတ်ပေးရေးနဲ့ အစ္စရေးနဲ့ ဟားမတ်စ်နှစ်ဘက်စလုံးက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကုံ လေးစားလိုက်နာရမယ်လို့လည်း အမေရိကန် သံအမတ်က ပြောပါတယ်။

တဖက်မှာတော့ အစ္စရေးအပေါ် ပိုပြီး ပြင်းပြင်းထန်ထန်နဲ့ ပြစ်တင်ဖို့ လိုလားတဲ့ ရုရှားကတော့ အခု အတည်ပြုလိုက်တဲ့ နောက်ဆုံးမူကြမ်းက “အလွန်အမင်း သင်းကွပ်” ထားတဲ့ “ထိရောက်မှုမရှိတဲ့” ဆုံးဖြတ်ချက် လို့ ဝေဖန်လိုက်ပါတယ်။ “မူကြမ်းပါ စာသားထဲက အရပ်သား တွေအပေါ် မခွဲခြားဘဲ တိုက်ခိုက်နေတာအားလုံးကို ရှုတ်ချကြောင်း ပြောထားတဲ့ အကိုးအကား တွေ ပျောက်ဆုံးသွားတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး Vassily Nebenzya က စကားပြန်ကတဆင့် ပြောပါတယ်။

“ဒီအချက်က နိုင်ငံတကာအသိုက်အဝန်းကို ဘာအချက်ပြသလဲဆိုရင် အစ္စရေးကို စစ်ရာဇ၀တ်မှုတွေကျူးလွန်နိုင်ဖို့ လုံခြုံရေးကောင်စီက မီးစိမ်းပြခွင့်ပြုနေတာလား။” လို့ ဆိုပြီး ရုရှားသံအမတ်ကြီးက ပြင်းပြင်းထန်ထန် ပြောခဲ့ပြီး လုံခြုံ‌ရေးကောင်စီက “အမေရိကန်လိုလားတဲ့ အတိုင်း လိုက်ပြီး ဆုံးဖြတ်ချက်ချပေးနေရတယ်” ဆိုပြီး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို သတိပေး ပြစ်တင်ခဲ့ပါတယ်။

အမေရိကန် သံအမတ် Thomas-Greenfield ကတော့ Nebenzya ရဲ့ "ပြစ်တင်ချက်" တွေကို ပယ်ချခဲ့ပြီး ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်မှာ အလားလူ အခြေအနေတွေ ဖန်တီးခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG