သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာ ချက်ချင်းအပစ်ရပ်ရေး လုံခြုံရေးကောင်စီမှာ ကန်ဗီတိုသုံး ပယ်ချ


US Deputy Ambassador to the UN Robert Wood (R) and British Ambassdor to the UN Barbara Woodward (L) attend a United Nations Security Council meeting on a resolution calling for a ceasefire in Gaza at UN headquarters in New York on December 8, 2023.
US Deputy Ambassador to the UN Robert Wood (R) and British Ambassdor to the UN Barbara Woodward (L) attend a United Nations Security Council meeting on a resolution calling for a ceasefire in Gaza at UN headquarters in New York on December 8, 2023.

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့တို့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့အဆိုပြုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့ ဒီဇင်ဘာ ၈ ရက်နေ့က မဲခွဲခဲ့တဲ့ မူကြမ်းကို အမေရိကန်အစိုးရအနေနဲ့ ဘာကြောင့် လက်မခံနိုင်ရသလဲဆိုတာကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး Robert Wood က အခုလို တင်ပြဆွေးနွေးခဲ့ပါတယ်။

“အကြမ်းဖက်မှုကို နိုင်ငံတကာဥပဒေနဲ့အညီ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အစ္စရေးရဲ့အခွင့်အရေးကို မူကြမ်းထဲမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ ဒါဟာ နိုင်ငံတိုင်းလုပ်ပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတခုဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်အဖွဲ့ရဲ့ လုပ်ရပ်ကို ဘယ်နိုင်ငံကမှ သည်းခံနိုင်မှာ မဟုတ်သလို သည်းလည်းမခံသင့်ပါဘူးလို့ အမေရိကန် ဒုတိယ သံအမတ်ကြီး Robert Wood က ပြောသွားတာပါ။”

အမေရိကန်အစိုးရက ဟာမတ်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် တရားဝင်သတ်မှတ်ထားတာဖြစ်ပါတယ်။ လုံးဝ အပစ်အခတ်ရပ်စဲတာမျိုးကို အစ္စရေးနည်းတူ အမေရိကန်အစိုးရကလည်း လက်မခံပေမယ့် စာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲတာကိုတော့ လက်ခံတယ်လို့ ဒုတိယသံအမတ်ကြီး Robert Wood က ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲလိုက်ရင် ဟာမတ်စ်အဖွဲ့ကို လက်နက်ရိက္ခာ ထပ်မံဖြည့်ဆည်းဖို့ အခွင့်အရေးပေးလိုက်သလို ဖြစ်မယ်လို့ဆိုပြီး အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့က ကန့်ကွက်ခဲ့ကြပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စု - UAE က အဆိုပြုတင်သွင်းတဲ့ ဒီ မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အထဲက ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်နိုင်ငံကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဗီတိုသုံး ပယ်ချခဲ့တာဖြစ်ပါတယ်။ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွတွေကို အမြစ်ဖြတ်ချေမှုန်းမယ်လို့ ကြွေးကြော်ထားတဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ထိထိရောက်ရောက် လုံးဝမပေးနိုင်တော့ဘူးလို့ အတွင်းရေးမှူးချုပ် Antonio Guterres က မဲမခွဲခင် လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီအခြေအနေတွေကို သမိုင်းမှာအဆုံးအဖြတ်ပေးဖို့ စောင့်ကြည့်နေကြတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

XS
SM
MD
LG