သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS နဲ့ ဆက်စပ် သံသယရှိသူ ၃၂ ဦး တူရကီ ဖမ်းဆီး  


IS စစ်သွေးကြွအဖွဲ့ ကို အီရတ်နိုင်ငံမှာတွေ့ရစဉ် (မှတ်တမ်းပုံ) ဇွန်၊ ၂၀၁၄
IS စစ်သွေးကြွအဖွဲ့ ကို အီရတ်နိုင်ငံမှာတွေ့ရစဉ် (မှတ်တမ်းပုံ) ဇွန်၊ ၂၀၁၄

တူရကီမှာ IS စစ်သွေးကြွအဖွဲ့က အကြီးတန်း အဖွဲ့ဝင်တွေ အပါအဝင် အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်တဲ့ သံသယရှိသူ ၃၂ ဦးကို ဖမ်းဆီးထားကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က သောကြာနေ့မှာ ပြောပါတယ်။ "Operation Heroes-37" လို့ အမည်ပေးထားတဲ့ ခရိုင် (၉) ခုကို ဖြန့်ကျက်ထားတဲ့ စစ်ဆင်ရေးတွေ အတွင်း ဖမ်းဆီးထားတဲ့သူတွေဟာ အစ္စတန်ဘူလ်က ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ ဂျူးဘာသာရေးဝတ်ပြုကျောင်းတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားကြောင်း တူရကီ ပြည်ထဲရေး ဝန်ကြီးက လူမှုကွန်ရက် X မှာ သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနရဲ့ ရေးသားချက်မှာတော့ အခု ဖမ်းခံရတဲ့ IS အဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင် (၃) ဦးထဲက (၁) ဦးဟာ အန်ကာရာက အီရတ်သံရုံးကို တိုက်ခိုက်ဖို့ စီစဉ်နေကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုဖမ်းခံထားရသူတွေနဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။ ကာ့ဒ်စစ်သွေးကြွအဖွဲ့က အန်ကာရာက အစိုးရအဆောက်အအုံတွေအနီးမှာ အောက်တိုဘာ ၁ ရက်က ဗုံးဖောက်ခွဲခဲ့ပြီးနောက် အခု သီတင်းပတ်တွေထဲမှာ IS နဲ့ ကာ့ဒ်စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

တူရကီနိုင်ငံတဝန်း နှစ်သစ်ကူးပွဲတော်ကာလ အတွက်လည်း လုံခြုံရေး တွေ တင်းကျပ်ထားပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ရဲတပ်ဖွဲ့က IS အဖွဲ့နဲ့ ဆက်စပ်သူတွေ အဖြစ် သံသယရှိသူ ၃၀၄ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ IS အဖွဲ့ဟာ မွတ်ဆလင် နိုင်ငံတခုဖြစ်တဲ့ တူရကီမှာ လူအသေအပျောက်မြင့်မားတဲ့ တိုက်ခိုက်မှုတွေကို အရင်က လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်က လူ ၃၉ ဦး သေဆုံးခဲ့ရတဲ့ အစ္စတန်ဘူလ် ညကလပ် ပစ်ခတ်မှု ဖြစ်ခဲ့သလို ၂၀၁၆ ခုနှစ် မတ်လက ဖြစ်ခဲ့တဲ့ အစ္စတန်ဘူလ်က အသေခံဗုံးခွဲမှုမှာလည်း လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

IS နဲ့ ဆက်စပ် သံသယရှိသူ ၃၂ ဦး တူရကီ ဖမ်းဆီး  
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG