သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မြို့ကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်


ထီးချိုင့်မြို့အတွင်း မီးလောင်နေစဉ် (နိုဝင်ဘာ ၂၀၂၃)
ထီးချိုင့်မြို့အတွင်း မီးလောင်နေစဉ် (နိုဝင်ဘာ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားဖြစ်နေတဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲက ၂ လ ကျော်လာပြီဖြစ်ပြီး နေ့တိုင်းနီးပါး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေရှိသလို အဲဒီလို တိုက်ခိုက်မှုကြောင့် ဒေသခံ ထိခိုက် သေဆုံးမှုတွေလည်း ရှိပါတယ်။ စဥ့်ကူးမြို့နယ်၊ ကျောက်ငနွား ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတစ်ဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအင်ကြင်းနိုင်က ပြောပြပါမယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ ၂ လ ရှိပြီဖြစ်တဲ့ ထီးချိုင့်မြို့ကို စစ်ကောင်စီဘက်က နေ့တိုင်းနီးပါး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်နေပါတယ်။ ဇန်နဝါရီ ၁၀ ရက်၊ ဒီကနေ့ နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာ စစ်ကောင်စီက တိုက်ခိုက်ရေး ဂျက်လေယာဥ် ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“မြစ်ကြီးနားက ဆင်းလာတဲ့ ဂျက်ဖိုက်တာ ၂ စီးပေါ့ဗျာ၊ တစီးက ၁၁ နာရီနဲ့ ၆ မိနစ်လောက်မှာ ထီးချိုင့်မြို့ထဲကို ၂ ကြိမ်၊ တစီးလာပြီး မြို့ထဲကို ၂ ကြိမ် အရင်ပစ်သွားတာပေါ့၊ နောက်ထပ် ၁၁ နာရီ ၁၅ မိနစ်မှာ မြစ်ကြီးနားကပဲ နောက်ထပ်တစီး ထပ်လာပြီးတော့ နောက် ၂ကြိမ် ထပ်ကြဲပြီးတော့မှ မြို့ထဲကို ကြဲသွားတယ်ပေါ့၊ အထိအခိုက်ကတော့ မရှိပါဘူး။”

ထီးချိုင့်မြို့သိမ်း တိုက်ပွဲတွေ စတင်ကတည်းက ဒေသခံတွေက မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့မှာ မြို့ပေါ်ကို ဗုံးကြဲခဲ့ပေမဲ့ ဒေသခံ ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ထီးချိုင့်မြို့ထဲနဲ့ ကြက်သွန်ခင်းရွာဘက်ကို စစ်ကောင်စီဘက်က ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ အခုလ ၃ ရက်နေ့မှာ ဝဲကြီး(တောမ) ရွာကို ဗုံး ၃ ကြိမ်ကြဲခဲ့တာမှာ ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီးတော့ ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ၂ လကြာ အခြေအနေက လက်ရှိမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံက ခုလိုပြောပါတယ်။

“တင်းမာနေဆဲပါဘဲ။ တိုက်ပွဲက ဖြစ်နေဆဲပါပဲဗျ။ အခြေအနေကတော့ ၂ လပြည့်သွားပါပြီ။ မနေ့က ၈ ရက်နေ့ကဆိုရင် ၂ လပြည့်ပြီပေါ့ဗျာ။ ဒါပေမယ့် အခြေအနေကတော့ ၅၀၊ ၅၀ ပါပဲ။ သူတင် ကိုယ်တင်ပဲ ချနေကြတဲ့ အနေအထားပဲ ရှိပါသေးတယ်ဗျ။ သူတို့ဖက်ကလည်း လုံးဝ နောက်မဆုတ်တဲ့ အနေအထားဖြစ်သလို ကျွန်တော်တို့ဖက်ကလည်း လုံးဝ နောက်မဆုတ်တဲ့ အနေအထားနဲ့ပဲ။ တိုက်ပွဲက ပြင်းထန်ဆဲပေါ့ဗျာ။”

ဇန်နဝါရီ ၉ ရက်၊ မနေ့ကည ၈ နာရီခွဲဝန်းကျင်မှာ စဥ့်ကူးမြို့ ကျောက်ငနွား ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Welet Informational Network ရဲ့ တာဝန်ခံက ပြောပါတယ်။

“စကစ က လက်နက်ကြီးအထိုင်ကနေ တောင်ဖက်ကို လှမ်းပစ်တာဗျ။ ကျတာက ကျောက်ငနွား ရွာထဲကို ကျတယ်ဗျ။ ရွာထဲက အသက် ၃၀ ခန့် အမျိုးသားတစ်ဦး ထိမှန်ပြီးတော့ အဲ့ အမျိုးသားကတော့ ဆုံးသွားတယ်။ နောက် အမျိုးသမီး ၂ ယောက်ကကျတော့ ယက်ကန်းစင် တောင်ခြေက အဲ့အနားမှာ ၂ ယောက်ကကျတော့ ဒဏ်ရာ ရတယ်ပေါ့နော်။ အခုတော့သက်ဆိုင်ရာ ဆေးခန်းကို ပို့ထားတယ်ဗျ။”

စစ်ကိုင်းတိုင်းကျေးရွာတွေကို အခြေပြုပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ လှုပ်ရှားနေတာကြောင့်၊ စစ်ဆင် နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီပြောခွင့်ရသူက မကြာမကြာ သုံးနှုန်းပြောဆိုပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုး စစ်ဆင်တာထက်၊ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ စစ်ရေးအခြေအနေ လေ့လာသူတွေက ပြောကြပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေအတွက် အနွေးထည်၊ စောင်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG