သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒူဘိုင်းသွားမြန်မာအမျိုးသမီးတွေ ပွဲစားအေးဂျင့်တွေရဲ့ လိမ်လည်ခံရမှုများလာ


ဒူဘိုင်းရောက်ပြီး လူကုန်ကူးခံခဲ့ရသူ မြန်မာအမျိုးသမီး ၆ ဦး
ဒူဘိုင်းရောက်ပြီး လူကုန်ကူးခံခဲ့ရသူ မြန်မာအမျိုးသမီး ၆ ဦး

အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှာရှိတဲ့ ဒူဘိုင်းမြို့အလုပ်လုပ်ဖို့သွားတဲ့ မြန်မာအမျိုးသမီးတချို့ဟာ လျှောက်ထားတဲ့ အလုပ်အကိုင်တွေမရဘဲ အခြားနေရာတွေဆီ တဆင့် ပို့ဆောင်ခံရတာတွေ၊ တနေရာမှာ ပိတ်လှောင်ခံရပြီး အိမ်အကူလို အလုပ်တွေကို အတင်းအကျင် စေခိုင်းတာ ခံနေရကြောင်း ဒူဘိုင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။ မြန်မာအမျိုးသမီး ၆ ယောက်ဟာ လူကုန်ကူးခံရပြီး ခုအခါ အီရန်နယ်စပ်အနီး အီရတ်နိုင်ငံ ဆူလေမာနီးယားမြို့မှာ အလုပ်စေခိုင်းခံနေရပါတယ်။ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစဉ်သူက တင်ပြပေးထားပါတယ်။

ပြည်တွင်းက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကတဆင့် ဒူဘိုင်းမှာ အလုပ်သွားလုပ်တဲ့ မြန်မာအမျိုးသမီးတချို့ဟာ မူလမျှော်မှန်းထားတဲ့ အလုပ်အကိုင်တွေကို မရဘဲ တခြားအလုပ်တွေကို စေခိုင်းခံနေရကြောင်း ဒူဘိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။ တချို့လည်း တခြားတနေရာမှာ လပေါင်းများစွာ ပိတ်လှောင်ခံထားရတာပါ။

ပြည်တွင်းမှာ အေဂျင်စီနာမည်နဲ့ လုပ်သားစေလွှတ်နေတဲ့ လုပ်ငန်းတွေရှိသလို ဒူဘိုင်းမှာပဲ တိုက်ခန်းအများအပြား ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေက Facebook ပေါ်ကနေ အလုပ်ခေါ်ယူနေတာလည်း ရှိပါတယ်။ ကုမ္ပဏီနာမည်ခံထားတဲ့ ပြည်တွင်းက လုပ်ငန်း တချို့လည်း လိမ်လည်မှုနဲ့ ဒီရက်ပိုင်းထဲမှာ စွပ်စွဲခံနေရတာပါ။

အခုနှစ် ပွင့်လင်းရာသီမှာ ဒီလိုပြဿနာတွေက ခပ်စိပ်စိပ်ဖြစ်လာကြောင်း ဒူဘိုင်းမှာ နှစ်အတော်ကြာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဒီရာသီက ပွင့်လင်းရာသီဆိုတော့ ဟိုတယ်လုပ်ငန်းတွေ ပြန်ခေါ်လာတယ် ဒါပေမဲ့ အဲဒီအပြင်ကိုမှ package တွေဆိုပြီးတော့၊ လူတွေကလည်း နည်းနည်း Package တွေနဲ့ လာကြတဲ့သူတွေ ရှိတယ်ပေါ့နော်။ ဒီ အေဂျင်စီတင်မဟုတ်ဘဲနဲ့ ဥပမာ မြန်မာလူမျိုးတွေပဲပေါ့။ အဆောင်တွေ ဖွင့်ထားတဲ့ လူတွေက Package တွေ ဖွင့်ကြတာများတယ်ဗျ။ အဲဒီ Package တွေနဲ့မလာဖို့တော့ အကြံပေးတာပေါ့ ကျနော်လည်း။ ဥပမာ ၄၈သိန်းတို့ ဘာတို့ပေါ့နော် အဲလိုမျိုးတွေပေါ့။

၂၀၂၃ ဩဂုတ်လမှာ အလုပ်သွားလုပ်ခဲ့တဲ့ မြန်မာအမျိုးသမီး ၆ယောက်ဟာ ပြည်တွင်း၊ ပြည်ပ အေးဂျင့်ပွဲစားတွေရဲ့ အဆင့်ဆင့် ရောင်းစားတာခံရပြီး အခုနောက်ဆုံး အီရတ်နိုင်ငံ၊ ဆူလေမာနီးယားမြို့မှာ ဖိအားပေး အလုပ်စေခိုင်းခြင်း ခံနေရပါတယ်။

အီရတ်က အလုပ်ရှင်ဟာ သူတို့၆ယောက်ကို တနေရာတည်းမှာ ပိတ်လှောင်ထားပြီး အခကြေးငွေနဲ့ အလုပ်မျိုးစုံကို စေခိုင်းနေကြောင်း ကာယကံရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ သူတို့ဟာ တခြားအိမ်တွေမှာ အိမ်အကူလိုအလုပ်မျိုးကို တရက်၁၅နာရီလောက် လုပ်ကိုင်နေရတာပါ။ အီရတ်က ရဲဌာနမှာ သွားရောက် အကူအညီတောင်းခဲ့ပေမဲ့ ဘာမှထူးမလာကြောင်း သူတို့၆ယောက်ထဲက တယောက်ဖြစ်တဲ့ မရီရီချိုက ပြောပါတယ်။

"မျှော်မှန်းထားတာတွေ ဖြစ်မလာတော့ တဖွဲ့လုံး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ကို ပေါက်လာတယ်။ အဲလောက်အထိကို အခက်အခဲတွေနဲ့ တအားကြုံနေရတော့ ကိုယ့်ကိုယ်ကိုယ်လည်း တအားစိတ်ညစ်လာတယ်။ အဲဒါနဲ့ ညီမတို့အဖွဲ့တွေ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ငါတို့ဒီလို ရှေ့ဆက်နေလည်း ဒီထက်ဆိုးရုံပဲ ရှိတော့မှာပဲ ဆိုပြီးတော့မှ အဲဒါနဲ့ အဖွဲ့တွေအကုန်လုံး ရဲစခန်းကို သွားခဲ့တယ်။ ရဲစခန်းကိုသွားပြီး အကူအညီတောင်းတော့ အေးဂျင့်မက ပိုက်ဆံပေးတော့ ရဲတွေကလည်း ညီမတို့ကို ပြန်လွှတ်တာပေါ့၊ အကူအညီမပေးခဲ့ဘူး ဒီ အီရတ်ကရဲတွေက ညီမတို့ကို။"

သူတို့ဟာ ၂၀၂၃၊ ဩဂုတ်လ ၁၄ရက်မှာ ဒူဘိုင်းကို ရောက်ခဲ့တာဖြစ်ပြီး အဲဒီကနေ ချက်ချင်းဆိုသလို အီရတ်နိုင်ငံက အေးဂျင့်ပွဲစားတွေဆီ တဆင့်လွှဲပြောင်းခံခဲ့ရတာပါ။ အီရတ်ရောက်တဲ့အခါမှာ သူတို့မှာရှိတဲ့ လက်ကိုင်ဖုန်းတွေလည်း သိမ်းဆည်းခံခဲ့ရသလို လုပ်ခလစာလည်း အပြည့်အဝ မရရှိကြောင်း ပြောပါတယ်။ အဲဒီနောက် သူတို့အခြေအနေကို ဖေ့စ်ဘွတ်ကနေ လိုက်ဗ်လွှင့်ပြီး အကူအညီတောင်းခဲ့ရကြောင်း နောက်ထပ် အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။

" မျက်ရည်ကြီးငယ်ပေါက် ကျရပါတယ်၊ သူတို့ကိုလည်း အမျိုးမျိုးပြောတယ် အစ်မတို့က Live မလွှင့်ခင်တုန်းကလည်း။ အစာရေစာကလည်း မရဘူး၊ ရေကလည်း ပြတ်တယ်၊ ရေကလည်း ဝယ်သောက်ရတယ်။ အစားကလည်း မစားရတဲ့အခါကြတော့ Live လွှင့်ပစ်လိုက်တာ အစ်မတို့၆ယောက်လုံးက။ နောက်နေ့မနက်ကြတော့ ဖုန်းတွေသိမ်းသွားရေ (အီရတ်က) သူဌေးမက။ သိမ်းပြီး အဲဒီ Liveကို သူဌေးမက ဖျက်ပစ်လိုက်တာ။ အဲဒီကနေ အမတို့ကို ဖုန်းတွေစသိမ်းပြီး ဒီနေ့အချိန်အထိ ၆ယောက်လုံးကို ပေးမဆုံပေးတော့ဘူး။"


ဒူဘိုင်းအလုပ်တွေအတွက် လုပ်သားခေါ်ယူနေတဲ့ အေဂျင်စီတွေဟာ ဌာနဆိုင်ရာဘက်က ခွင့်ပြုထားတာမဟုတ်လို့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ ဒီလုပ်ငန်းတွေကို အရေးယူနိုင်ကြောင်း မြန်မာအလုပ်သမားရေးဌာနက ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေကို ဒူဘိုင်းက မြန်မာကောင်စစ်ဝန်ချုပ်ရုံးနဲ့ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့ မြန်မာသံရုံးက အများအပြား လက်ခံရရှိထာကြောင်း သံရုံးအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ တချို့ကိစ္စတွေကို နှစ်ဖက်ညှိနှိုင်းပေးနေကြောင်း သူကပြောပါတယ်။

"အများကြီးပဲ (တိုင်ကြားတာတွေ) ဝင်တော့ဝင်လာတာတွေ ရှိပါတယ် အီးမေးနဲ့တဆင့် ဖုန်းနဲ့တဆင့်ပေါ့နော်။ ကျနော်တို့ဆီ ဆက်သွယ်လာရင်တော့လည်း ကျနော်တို့ လုပ်ပေးနိုင်တဲ့အပိုင်းက ညှိနှိုင်းပေးတာပေါ့နော် ဟိုဘက်၊ ဒီဘက်၊ ရောက်လာတဲ့ ကျနော်တို့ဆီ အကူအညီ တောင်းခံလာတဲ့ လူတွေပေါ့နော်။ ကျနော်တို့က အကုန် report လုပ်ပေးတယ်၊ မြန်မာပြည်ဘက် အခြမ်းမှာလည်း သူတို့ကို လွှတ်ပေးခဲ့တဲ့ အေးဂျင့်တွေ၊ ဒါက တရားမဝင်ဘူးလေ၊ တချို့ကလည်း ထွက်ပြေးနေကြတယ် ပေါ့နော်။"

၂၀၂၂၊ ဩဂုတ်လတုန်းကလည်း ဒူဘိုင်းမြို့က အခန်းတခုမှာ ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီး ၈ယောက်ဟာ ဖေ့စ်ဘွတ်မှာ ဗွီဒီယိုတင်ပြီး လွတ်မြောက်ဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ သူတို့ကို အကူအညီပေးသွားမယ် ဆိုတာကို ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ်မြို့က မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတုန်းက ဒူဘိုင်းမြို့နေရာအနှံ့ခွဲပြီး ပိတ်လှောင်ခံထားရတဲ့ မြန်မာအမျိုးသမီးအရေအတွက်ဟာ ၂၀၀ လောက်ရှိတယ်လို့ ဒူဘိုင်းမြို့က မြန်မာလူမှုကူညီရေး အဖွဲ့အစည်းတွေက ပြောခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG