သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲအလွန် ပါလက်စတိုင်း အနာဂတ်ရေး ကန် နဲ့ အစ္စရေးအကြား သဘောထားကွဲ


ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ အစ္စရေးမှာတွေ့ဆုံကြစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
ကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ အစ္စရေးမှာတွေ့ဆုံကြစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသ စစ်ပွဲအလွန် ပါလက်စတိုင်းနိုင်ငံ တည်ထောင်နိုင်ရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ အစ္စရေးကြား သဘောထားကွဲလွဲနေပါတယ်။ ဂါဇာစစ်ပွဲလွန်ကာလကျရင် ပါလက်စတိုင်းနိုင်ငံတည်ထောင်မယ့် အစီအစဉ်ကို သူ့အနေနဲ့ ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန်ကို အသိပေးခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောကြားပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းနိုင်ငံ မတည်ထောင်ဘဲ အရှေ့အလယ်ပိုင်းဒေသ ရေရှည်လုံခြုံရေးနဲ့ ဂါဇာဒေသပြန်လည်တည်ဆောက်ရေး စိန်ခေါ်မှုတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Matthew Miller က ကြာသပတေးနေ့က ခုလိုပြောကြားသွားခဲ့ပါတယ်။

ပါလက်စတိုင်းနိုင်ငံ တည်ထောင်နိုင်မဲ့ လက်တွေ့အစီအစဉ်တွေ မရှိရင် ဂါဇာပြန်လည်တည်ဆောက်ရေးကို ဒေသတွင်း ဘယ်မိတ်ဖက်နိုင်ငံကမှ ကူညီမှာ မဟုတ်သလို အစ္စရေးရေရှည်လုံခြုံရေးအတွက် ဒေသတွင်း ဘယ်နိုင်ငံကမှ အစ္စရေးနဲ့ ပူးပေါင်းကူညီမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားသွားတာဖြစ်ပါတယ်။ ဒါဟာလက်တွေ့အခြေအနေဖြစ်ပြီး အမေရိကန်က ဖိအားပေးနေတာ မဟုတ်ဘူးလို့ ပြောခွင့်ရ Matthew Miller က ထောက်ပြသွားပါတယ်။

အစ္စရေးမှာ လူပေါင်း ၁၄၀၀ ထက်မနည်းသေဆုံးပြီး ၂၀၀ ကျော် ဓါးစာခံအဖြစ် ဖမ်းဆီးခံသွားရတဲ့ ဟာမတ်စ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်အစိုးရက အစ္စရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်လို့ဆိုပြီး အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူတွေ သေဆုံးနေတဲ့အပေါ် အမေရိကန်အစိုးရက အစ္စရေးကို သတိပေးတာရှိပေမဲ့ မဟာမိတ် ၂ နိုင်ငံကြား ၃ လအတွင်း ထင်သာမြင်သာ သဘောထားကွဲမှုဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ပါလက်စတိုင်းနိုင်ငံ တည်ထောင်နိုင်မဲ့ လက်တွေ့ဆောင်ရွက်မှုတွေရှိမှ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးနဲ့ ပါလက်စတိုင်းဦးဆောင်တဲ့အစိုးရဂါဇာမှာ အုပ်ချုပ်နိုင်ရေး ပါဝင်ကူညီမယ်လို့ ဒေသတွင်း အာရပ်နိုင်ငံတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို ကတိပြုထားကြတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG