သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအတွက် အကူအညီများ အီဂျစ်နယ်စပ်ရောက်


အီဂျစ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ဒေသကို ဝင်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ တင်ဆောင်ထားတဲ့ ကားတန်း။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)
အီဂျစ်ကိုဖြတ်ပြီး ဂါဇာကမ်းမြောင်ဒေသကို ဝင်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ တင်ဆောင်ထားတဲ့ ကားတန်း။ (ဇန်နဝါရီ ၁၇၊ ၂၀၂၄)

ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံနေရတဲ့ အစ္စရေးဓားစာခံတွေနဲ့ ပါလက်စတိုင်း အရပ်သားတွေအတွက်ရည်ရွယ်တဲ့ အကူအညီတွေဟာ ဗုဒ္ဓဟူးနေ့က ဂါဇာနယ်စပ်အနီး အီဂျစ်နိုင်ငံ ရာဖာမြို့ကို ဆိုက်ရောက်လာပါတယ်။ ဒီအကူအညီတွေဟာ ကာတာနဲ့ ပြင်သစ်တို့က ကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက်အရ နယ်စပ်ဖြတ်ကျော်ပြီး ဂါဇာကို ဆက်ပို့မှာပါ။

ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကာတာနိုင်ငံပိုင် လေယာဥ် (၂) စင်းဟာ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းက အယ်လ်အာရစ်ခ်ျ (El Arish) ကို ရောက်ရှိခဲ့ပြီး အဲဒီကနေ ဂါဇာနယ်စပ်က ရာဖာမြို့ကိုရောက်သွားပြီလို့ အီဂျစ်လုံခြုံရေးတာဝန်ရှိသူတွေနဲ့ လခြမ်းနီအဖွဲ့က အရာရှိတွေက ပြောပါတယ်။ လေယာဉ်တစင်းမှာ သယ်ဆောင်လာတဲ့ဆေးပစ္စည်းတွေက ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး ဖမ်းထားတဲ့ အစ္စရေးဓားစာခံ ၂၅၃ ဦးထဲက ၄၅ ဦးအတွက် ဖြစ်ပါတယ်။

နိုဝင်ဘာလနှောင်းပိုင်း ယာယီအပစ်ရပ်စဲရေးကာလအတွင်းတုန်းကတော့ အစ္စရေး ဓားစာခံ ၁၀၀ ကျော် ပြန်လွတ်လာပါတယ်။ အဖမ်းခံထားရဆဲဖြစ်တဲ့ ဓားစာခံတွေ အတွက် အကူအညီတွေပေးနိုင်ဖို့ အပြန်အလှန်သဘောတူညီချက်အနေနဲ့‌ အစ္စရေးရဲ့စစ်ဆင်ရေးတွေအတွင်း အပြင်းအထန်ထိခိုက်ခဲ့ရတဲ့ ဂါဇာရဲ့နေရာတွေက ပါလက်စတိုင်းအရပ်သားတွေကိုလည်း ထောက်ပံ့ရေးပစ္စည်းတွေ ခွဲဝေဖြန့်ဖြူးပေးသွားမယ်လို့ ကြားဝင်စေ့စပ်ပေးခဲ့တဲ့ ကာတာနိုင်ငံက ပြောပါတယ်။

ဒီလို ကူညီနိုင်ဖို့ကို ဂါဇာမှာအဖမ်းခံနေရသူတွေရဲ့ အစ္စရေးမိသားစုဝင်တွေက တောင်းဆိုလို့ စတင်ခဲ့တာဖြစ်ပြီး သီတင်းပတ်တွေနဲ့ချီ ညှိနှိုင်းခဲ့ရတယ်လို့ နောက်ထပ် ကြားဝင် စေ့စပ်ပေးခဲ့တဲ့ပြင်သစ်ကလည်း အစောပိုင်းက ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားတဲ့အစ္စရေးဟာ ထောက်ပံ့ကူညီမှုတွေကို အောက်တိုဘာ ၂၁ ရက်က စတင်ခွင့်ပြုခဲ့ပေမယ့် ခွင့်ပြုတဲ့အကူအညီတွေက ဂါဇာက လူဦးရေ ၂.၃ သန်းအတွက် လိုအပ်နေတဲ့ပမာဏထက် နည်းပါးနေသေးကြောင်း အကူအညီပေးရေး အေဂျင်စီတွေက ပြောပါတယ်။ အီဂျစ်၊ အယ်လ်အာရစ်ခ်ျ လေဆိပ်မှာ ပုံနေတဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG