သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေး အစ္စရေး နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေအကြား သဘောထားကွဲ


ဂါဇာတောင်ပိုင်းမှာ တွေ့ရတဲ့ အစ္စရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၁၉၊ ၂၀၂၄)
ဂါဇာတောင်ပိုင်းမှာ တွေ့ရတဲ့ အစ္စရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၁၉၊ ၂၀၂၄)

ဂါဇာတောင်ပိုင်းဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေချိန်မှာဘဲ အစ္စရေး နိုင်ငံရေးနဲ့ စစ်ရေး ခေါင်းဆောင်တွေအကြား အပစ်ရပ်ရေး သဘောထားကွဲမှုတွေ ထွက်ပေါ်လာပါတယ်။ ဂါဇာမြောက်ဘက်ပိုင်းမှာ တိုက်ပွဲလျော့ကျလာပေမဲ့ တောင်ပိုင်းက အဓိက မြို့ကြီး Khan Yunis မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောနေချိန်မှာ၊ အစ္စရေး စစ်ရေးကက်ဘိနက် ဝန်ကြီးက အပစ်ရပ်ဖို့လိုပြီလို့ ထုတ်ပြောလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နက်တန်ယာဟု က ဟားမတ်စ်နဲ့ အပစ်ရပ်ရေးကို တင်းခံလာနေချိန်မှာ၊ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ဂါဒီ အိုင်စံကော့ က ဂါဇာမှာ ဓားစာခံတွေပြန်လွှတ်ပေးရေးအတွက်၊ ပိုရှည်ကြာတဲ့ အပစ်အခတ်ရပ်စဲမှုလိုနေပြီလို့ ထုတ်ပြောလိုက်ပါတယ်။ အစ္စရေး Channel 12 ရုပ်သံသတင်းစဉ် ကို မနေ့ညက အင်တာဗျုးပေးရာမှာ ဒုဗိုလ်ချုပ်ကြီး အိုင်စံကော့ က စစ်ရေးအရဖိအားပေးမှ ဓားစာခံတွေပြန်လွတ်မယ်ဆိုတာ စိတ်ကူးရင်တာပဲဖြစ်တယ်၊ ခုချိန်ထိ စစ်ပွဲရဲ့ ရည်မှန်းချက်တွေ မပြည့်မြောက်သေးဘူးလို့ အပြတ် ဝေဖန်လိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နက်တန်ယာဟုကတော့ Hamas တပ်ဖွဲ့အများစုဖြစ်တဲ့ သုံးပုံ နှစ်ပုံကို ချေမှုန်းဖျက်ဆီးခဲ့ပြီး အောင်ပွဲအပြီးတိုင်ဆက်တိုက်သွားမယ်လို့ မနေ့ကပဲ ကြုံးဝါးခဲ့ချိန်မှာ၊ ဒုဗိုလ်ချုပ်ကြီး Eisenkot ကတော့ ဟားမတ်စ်တွေကို အမြစ်ပြတ် မတိုက်နိုင်ခဲ့ပါဘူးလို့ ပြန်ဝေဖန်ခဲ့ပါတယ်။အငြိမ်းစား ကြည်းတပ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး အိုင်စံကော့ ဟာ ဝန်ကြီးချုပ် နက်တန်ယာဟုကိုယ်တိုင် ဦးဆောင်တဲ့ ဝန်ကြီး ငါးဦးပါ အရေးပေါ်စစ်ဆင်ရေးကက်ဘိနက်အဖွဲ့ထဲက ဝန်ကြီးတဦးဖြစ်ပါတယ်။

ဒီစစ်ပွဲ ၄ လထဲ ရောက်လာချိန် ဟားမတ်စ် စစ်သွေးကြွတွေအနေနဲ့ ဂါဇာကမ်းမြှောက်တလျှောက် ပြင်းပြင်းထန်ထန် ဆက်ခုခံနေပြီး၊ ပြီးဆုံးမဲ့အရိပ်အယောင်မတွေ့ရသေးဘဲ၊ အရှေ့အလယ်ပိုင်းတလျှောက် တင်းမှာမှုတွေသာ ပိုပျံ့နှံလာနေတယ်လို့ သုံးသပ်မှုတွေရှိလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG