သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ရှိန်လျှော့ဖို့ အစ္စရေးကို ကန်တိုက်တွန်း


အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby (ဇန်နဝါရီ ၁၀၊ ၂၀၂၄)
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby (ဇန်နဝါရီ ၁၀၊ ၂၀၂၄)

လက်ရှိအချိန်ဟာ ဂါဇာမှာစစ်ဆင်နေတာကို လျှော့ချရမယ့်အချိန်ဖြစ်တယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

အစ္စရေးခေါင်းဆောင်တွေက ဟားမတ်စ် စစ်သွေးကြွအုပ်စုအပေါ်စစ်ဆင်ရေးကို ဆက်လက်တိုးမြှင့်စစ်ဆင်မယ်လို ပြောနေချိန်မှာ အိမ်ဖြူတော်က ခုလို ပြောဆိုချက် ထွက်လာတာပါ။ ဒီ ပြောဆိုချက်က ရက် ၁၀၀ ပြည့်မှာ အမေရိကန်နဲ့ အစ္စရေးကြား အမြင်ကကွဲပြားနေတာကိုလည်း ပြသနေပါတယ်။

ပစ်မှတ်ကိုပဲအဓိကထားလို့ တိုက်ပွဲငယ်လေးတွေနဲ့ စစ်ဆင်ရေးကို ကူးပြောင်းဖို့ အစ္စရေးကို အမေရိကန်က ပြောနေကြောင်း စီဘီအက်စ် ရုပ်မြင်သံကြားနဲ့ တွေ့ဆုံရာမှာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။ အဲဒီလို ကူးပြောင်းဖို့ ခု အချိန် က သင့်လျော်တဲ့အချိန် ဖြစ်ကြောင်း သူက ဆိုပါတယ်။

ဟားမတ်စ်ကို ချေမှုန်းနိုင်တဲ့အထိနဲ့ ဓားစာခံအဖြစ်ဖမ်းဆီးထားသူ အားလုံး ပြန်လွှတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က အခိုင်အမာ ပြောထားတာပါ။

တနင်္ဂနွေနေ့တုန်းကတော့ ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံသုံးဦးရဲ့ ဗွီဒီယိုကို ဟားမတ်စ် က ထုတ်ပြန်လိုက်ပါတယ်။ အတင်းအကျပ် လုပ်ခိုင်းတယ်လို့ ယူဆရတဲ့ ဒီဗွီဒီယိုမှာ စစ်ကို အဆုံးသတ်ဖို့နဲ့ သူတို့ အိမ်ပြန်နိုင်အောင်လုပ်ပေးဖို့ အဖမ်းခံ ၃ ယောက်က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG