သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ဈေး စစ်ကောင်စီတပ် ပစ်ခတ် (ဒေသခံများ)


လွိုင်ကော်ဈေး ပတ်ဝန်းကျင်အနီး မီးလောင်ကျွမ်းနေစဉ် (ဇန်နဝါရီ ၂၅၊ ၂၀၂၄) (ဓာတ်ပုံ - CJ)
လွိုင်ကော်ဈေး ပတ်ဝန်းကျင်အနီး မီးလောင်ကျွမ်းနေစဉ် (ဇန်နဝါရီ ၂၅၊ ၂၀၂၄) (ဓာတ်ပုံ - CJ)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှာ ဇန်နဝါရီလ ၂၅ ရက်မှာ ဒရုန်းနဲ့ မီးလောင်ဗုံးကြဲခံရလို့ နှစ်ထပ်ဈေးမီးလောင်သွားတယ်လို့ KNDF နဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ မြို့ခံတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာမို့ လူအထိအခိုက်မရှိပါဘူး။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြပေးပါမယ်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်မှာ ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲခံရလို့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနေ့က နှစ်ထပ်ဈေးမီးလောင်သွားပါတယ်။ အဆောက်အဦအတော်များများ မီးလောင်သွားတဲ့အကြောင်း ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ခုလို ပြောပါတယ်။

“နေရာကတော့ ကျနော်တို့ ခေါ်တာကတော့ ဒေသအခေါ်အဝေါ်ဆိုရင်တော့ လွိုင်ကော်မြို့ရဲ့ နှစ်ထပ်ဈေးလို့ ခေါ်တယ်၊ ဗဟိုဈေးလို့လည်း ပြောတယ်ပေါ့နော်။ အဲ့ဒီနားတခွင်ဖြစ်ပါတယ်။ အဲ့ဒါအသေးစိတ်တော့ ကျနော်မသိရဘူး၊ ဒါပေမယ့် သေချာတခုကတော့ အဆောက်အဦး တော်တော်များများ မီးလောင်နေတာတော့ ကျနော်တို့ သိရတယ်။”

၁၁၁၁ လွိုင်ကော်မြို့သိမ်း တိုက်ပွဲ စတင်ကတည်းက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာမို့ လူအထိအခိုက်မရှိပါဘူး။ facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့ နှံ့နေတဲ့ ဓာတ်ပုံတွေအရ နှစ်ဖက် အဆောက်အဦးကောင်းများစွာ သွပ်မိုးတွေ အုတ်နံရံတွေ ပြာကျပြီး ပျက်စီးဆုံးရှုံးမှု အမြောက်အများ တွေ့ရပါတယ်။

မီးလောင်သွားတဲ့ နေရာမှာတော့ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေရတာ ရှိပေမယ့် ၁၁၁၁ တိုက်ပွဲစတင်ကတည်းက အဲ့ဒီနေရာမှာ နှစ်ဖက်ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ ကိုဗညားက ပြောဆိုပါတယ်။

“ဒီနေရာကလည်း တိုက်ပွဲအလင်းဖြစ်တဲ့နေရာလည်း မဟုတ်ဘူးပေါ့နော်။ တိုက်ပွဲမဖြစ်တာလည်း လွိုင်ကော်သိမ်းကတည်းက အဲ့ဒီမှာ တိုက်ပွဲထွေထွေထူးထူးရှိတဲ့ နေရာလည်း မဟုတ်ဘူးပေါ့နော်။ စစ်ကောင်စီလည်း ရှိတဲ့ နေရာမဟုတ်ဘူး။ ပြီးတော့မှ ကျနော်တို့ ဒီတော်လှန်ရေးအင်အားစုကလည်း အဲ့ဒီနားမှာ အဝင်အထွက်သွားမှုတော့ ရှိတာပေါ့နော်။ အဲ့လောက်ပဲ ရှိပါတယ်၊ ဒါပေမယ့် တိုက်ပွဲဖြစ်ခြင်းမရှိဘဲနဲ့ ရုတ်တရက် ဗုံးလာကြဲတဲ့ ပုံစံမျိုးဖြစ်တယ်ဆိုတာ ကျနော်ပြောလို့ရပါတယ်။ လူထုကတော့ အဲ့ဒီနားတခွင်မှာ မရှိတဲ့အတွက်ကြောင့်မို့ လူထုထိခိုက်နာမှုကတော့ ဘာမှမရှိဘူးခင်ဗျာ ဟုတ်။”

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက စစ်ကောင်စီဘက်က ဒရုန်းနဲ့ မီးလောင်ဗုံးပစ်ခတ်ခဲ့တာကြောင့် နှစ်ထပ်ဈေးလောင်သွားတဲ့အကြောင်း နဲ့ လွိုင်ကော်မြို့မှာ ကြီးကြီးမားမားမဟုတ်ဘဲ ရံဖန်ရံခါလောက်ပဲ နှစ်ဖက်ပစ်ခတ်မှုရှိတာလို့ ခုလို ပြောပါတယ်။

“မနေ့ကပေါ့နော်၊ လွိုင်ကော်မြို့ရဲ့ နှစ်ထပ်ဈေးလို့ လူသိများတဲ့ နေရာမှာ ဒါမီးလောင်သွားတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က မီးလောင်ဗုံးတွေ ချတာမျိုးတွေကြောင့် ဒါမီးလောင်သွားတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကတော့ ကြီးကြီးမားမားတော့ မရှိဘူး၊ ဒါပေမယ့် ရံဖန်ရံခါတော့ ပစ်ခတ်မှုတွေကတော့ ဖြစ်တာမျိုးတွေ ရှိပါတယ် ဟုတ်။”

စစ်ကောင်စီဘက်က ဒရုန်းနဲ့ မီးလောင်ဗုံးကြဲမှုနဲ့ ပတ်သက်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်သူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

လက်နက်ကြီးပစ်ခတ်မှု လေကြောင်းအသုံးပြု ပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကယား၊ ကရင်နီပြည်နယ်မှာ အရပ်သား ၅၀၀ ကျော်သေဆုံးပြီး၊ နေအိမ် ၁၅၀၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။ ဒီစာရင်းကတော့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းဖြစ်ပြီး မြေပြင်မှာ ဒီထက်မက များနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG