သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် သံတောင်ကြီး ဒေသခံ ထောင်ချီတိမ်းရှောင်


သံတောင်ကြီးမြို့ စစ်ကောင်စီ မိုင်းလွန်စခန်းကို KNLA နဲ့ PDF တို့သိမ်းပိုက်ခဲ့ကြောင်း NUG ထုတ်ပြန်ခဲ့ (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
သံတောင်ကြီးမြို့ စစ်ကောင်စီ မိုင်းလွန်စခန်းကို KNLA နဲ့ PDF တို့သိမ်းပိုက်ခဲ့ကြောင်း NUG ထုတ်ပြန်ခဲ့ (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မြောက်ပိုင်း ကျေးရွာတွေက ဒေသခံ တသောင်းဝန်းကျင်လောက်ဟာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတခွင်မှာ အသွားအလာ တားမြစ်ကန့်သတ်ထားတာကြောင့်လည်း အဲဒီစစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ ဝယ်ခြမ်းဖို့မလွယ်ဘဲ စားရေးသောက်ရေးလည်း အခက်ကြုံနေကြရတယ်လို့ ပြောဆိုတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းက သံတောင်ကြီးမြို့နယ် မြောက်ပိုင်းက သောက်ရေခပ်ကျေးရွာမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ပြင်းပြင်းထန်ထန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်လည်းဖြစ် စစ်ဘေးရှောင်ကူညီသူလည်းဖြစ်တဲ့ သောက်ရေခပ်ရွာခံတဦးက ပြောပါတယ်။ သောက်ရေခပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတဝိုက်မှာ ညတိုင်းဆိုသလို နှစ်ဘက်ပစ်ခတ်သံတွေ ကြားနေရတာလို့ စစ်ဘေးရှောင်လည်းဖြစ် စစ်ဘေးရှောင်ကူညီသူလည်းဖြစ်တဲ့ သောက်ရေခပ်ရွာခံက ခုလို ပြောပါတယ်။

“ အခုရက်ပိုင်းအခြေအနေကတော့ ညတိုင်းလိုလိုဖြစ်တယ်။ ဖြစ်ချင်တဲ့အချိန် သူထပြီးပစ်တယ်။ မနေ့ညဆိုရင် လက်နက်ကြီးတွေ လက်နက်ငယ်တွေ အပြန်အလှန် ပစ်ခတ်ကြတာပေါ့နော်။ ကင်းထောက် လေယာဉ်တွေဝဲတယ်။ ဒီရက်က လေယာဉ်ပိုဝဲတာပေ့ါ ဒီသောက်ရေခပ် လိပ်သို တကျောလုံးဝဲတယ်။”

တိုက်ပွဲဧရိယာတွေ တဖြေးဖြေးနေရာကျယ်ပြန့်လာပြီး လိပ်သိုနဲ့ မိုင်းလွန်ကျေးရွာအထိ စစ်မီးတွေပြန့်နှံ့လာတာလို့ သောက်ရေခပ်ရွာခံက ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က လိပ်သိုရဲစခန်းမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် သောက်ရေခပ်၊ မိုင်းလွန်၊ ယာဒို စတဲ့ ကျေးရွာတွေက လူဦးရေ သောင်းနဲ့ချီ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ပြေးဒုက္ခသည်အများစု စားရေးသောက်ရေး အခက်အခဲဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်လည်းဖြစ် စစ်ဘေးရှောင်ကူညီသူလည်းဖြစ်တဲ့ သောက်ရေခပ်ရွာခံက အခုလို ပြောပါတယ်။

“စစ်ရှောင်တာကတော့ ဘယ်နှစ်ရွာလဲဆိုတော့ အခုလက်ရှိက စစ်ရှောင်တာ ၆ ရွာ၊ ၇ ရွာလောက်ရှိမယ်လို့ ကျနော်သိတယ်။ လူဦးရေကတော့ သောင်းဂဏန်းလောက်ရှိမယ်နဲ့ထင်တယ် ထောင်ဂဏန်းလောက်မကဘူး အကုန်လုံးတွက်မယ်ဆိုရင်လေ။ သောင်းကျော်မယ်နဲ့ထင်တယ်။ အခုက ယာဒိုနဲ့ ဒီသောက်ရေခပ်ပဲ တွက်ကြည့်မယ်ဆို ရှစ်ထောင်၊ ကိုးထောင်လောက်ရှိနိုင်တာပဲ ဟုတ်တယ်။ အခက်အခဲကတော့ အဓိက ကျနော်တို့ ဘယ်လိုပြောမလဲ စားဝတ်နေရေးကို အခက်ခဲဆုံးပဲ ပြီးတော့ ကျန်းမာရေး အခက်အခဲရှိဆုံးပဲ ကျနော်ထင်တယ်လေနော်။ ရှောင်နေတာကဟုတ်တယ် ရက်ရှည်သွားရင်လည်း ပစ္စည်းဝယ်ခြမ်းဖို့က တော်တော်လေးကို ကျနော်တို့အတွက် အခက်အခဲတာပေါ့နော် ဟုတ်။”

သံတောင်ကြီးမြို့နယ်မြောက်ပိုင်းက ဒေသခံတွေဟာ သံတောင်-ရှမ်း-ကယားနယ်စပ် ပြည်ထောင်စုလမ်းပိုင်းကို အားထားပြီး ကုန်စည်သယ်ဆောင်နေကြတာပါ။ စစ်ရေးတင်းမာမှုကြောင့် စစ်ကောင်စီဘက်က လမ်းကြောင်းတွေ ပိုတင်းကြပ် စားနပ်ရိက္ခာသယ်ခွင့် ကန့်သတ်လိုက်တာကြောင့် ပိုက်ဆံရှိရင်တောင် ဝယ်ယူလို့မရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တနေ့တခြား ပိုမိုများပြားလာပြီး အများစုက ပြင်ဆင်ချိန်မရဘဲ ရုတ်တရက် အသက်ဘေးက လွတ် မြောက်အောင် ထွက်ပြေးကြရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်က ရွာမှာတိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ဗုံးကြဲ အပြင်းအထန်တိုက်ခိုက်နေကြတာမို့ ဘယ်လိုမှနေထိုင်မရတော့လို့ အသက်ဘေးလွတ်ရုန်း ထွက်ပြေးလာတယ်လို့ မိုင်းလွန်ကျေးရွာခံ အမျိုးသမီးတဦးက ခုလို ပြောပါတယ်။

“တချို့ကျတော့ မြို့မှာပြေးတဲ့လူက ပြေးပေါ့။ အသိရှိတဲ့အိမ်တွေ ပြေးကြတာပေါ့။ ဟိုအရင်တုန်းကဖြစ်တာပေါ့နော် ဒါပေမဲ့ ကြီးကျယ်တော့ မဟုတ်ဘူးပေါ့။ အခုကျတော့ လေယာဉ်လည်း ကြဲတဲ့အချကျတော့ အိမ်တွေ အကုန်လုံးပျက်၊ မီးလောင်တဲ့ အိမ်တွေလည်း လောင်သွားတော့ လူတွေ နေလို့မရတော့ဘူးလေ။ ဗုံးကြဲတော့ လက်နက်ကြီးထိသွားတာ အဲ့ဒါ တစ်ယောက်တော့ ဆုံးသွားတယ် ယောကျာ်းလေးပဲ။ အခု ဘုန်းကြီးကျောင်းတွေ ဘော်ဒါဆောင်တွေကတော့ ရစရာမရှိတော့ဘူး၊ ဘုရားကျောင်းတွေကျတော့လေ။”

ဖေဖော်ဝါရီလ ၁ ရက်က လက်နက်ကြီးကျည်းထိမှန်ပြီး အမျိုးသားတဦး သေဆုံးသွားသလို နေအိမ်တွေ အများအပြား ပျက်စီး၊ မီလောင်သွားတာလို့ ဆိုပါတယ်။ မိုင်းလွန်ကျေးရွာ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။

သံတောင်ကြီးမြို့နယ် လိပ်သိုဗျုဟာ လက်အောက်ခံ မိုင်းလွန်ပင်မစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ ပူးပေါင်းပြီး ၃ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မီးရှို့ဖျက်ဆီးထားတဲ့ ရန်သူအလောင်း ၇လောင်းအပါအဝင် ရန်သူတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး လက်နက်ကြီးကျည်၊ ရိက္ခာများနဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG