သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၅၀ ပြည့်နှစ်မှာ ကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာမယ်လို့ WHO သတိပေး


lung cancer အဆုတ်ကင်ဆာ
lung cancer အဆုတ်ကင်ဆာ

၂၀၅၀ ပြည့်နှစ်မှာ ကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာမယ်လို့ WHO သတိပေး

လာမယ့် ၂၀၅၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာပေါ်မှာကင်ဆာရောဂါသည် ၃၅သန်းကျော်အထိ တိုးလာနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က သတိပေးလိုက်ပါတယ်။ ဆေးလိပ်နဲ့အရက် သောက်သုံးမှု ၊ အဝလွန်ခြင်းနဲ့ လေထုညစ်ညမ်းတာတွေက ကင်ဆာဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းတွေဖြစ်တယ်လို့ WHO ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။


၂၀၅၀ ပြည့်နှစ်ရောက်ရင် ကင်ဆာရောဂါသည် ၃၅ သန်းကျော်အထိ တိုးလာလိမ့်မယ့်လို့ ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါနေ့ မတိုင်ခင် ထုတ်ပြန်တဲ့ WHO ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ ကုလ အစီရင်ခံစာမှာ သတိပေးလိုက်တာပါ။ ၂၀၂၂ ခု စာရင်းအရ တကမ္ဘာလုံး ကင်ဆာဝေဒနာသည် သန်း(၂၀)ရှိပြီး ကင်ဆာကြောင့် သေဆုံးရသူ (၉.၇)သန်းရှိခဲ့တာကြောင့် ၊ ဒီပေါ် အခြေခံပြီးတွက်ရင် ၂၀၅၀ ရောက်တဲ့ခါ ၇၇% ပိုတိုးလာမယ် ခန့်မှန်းထားကြောင်း နိုင်ငံတကာ ကင်ဆာ သုတေသနဌာန IARC ရဲ့ အကြီးအကဲ Dr Freddie Bray ကပြောပါတယ်။

" ဒီနေ့ကမ္ဘာမှာ သိသိသာသာ အဖြစ်များနေတဲ့ ကင်ဆာအမျိုးအစားတွေရှိပါတယ်။ လောလောဆယ်ထိ ကင်ဆာဖြစ်ပွားသူ သန်း(၂၀)ကျော် ရှိနေပါပြီ၊ ကျနော်တို့ ခန့်မှန်းထားသလိုပဲ နောက်ထပ်လည်း တိုးလာဦးမှာပါ။ အဖြစ်အများဆုံးကတော့ အဆုတ်ကင်ဆာပါပဲ ၊ သေဆုံးမှုလည်း များပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ရင်သား ကင်ဆာက အဖြစ်အများဆုံးနဲ့ သေဆုံးမှုလည်း များပြီး ၊ ဒုတိယလောက် လိုက်နေတဲ့ ကင်ဆာအမျိုးအစားလို့တောင် ဆိုနိုင်ပါတယ်။ နောက်တခုကတော့ သားအိမ်−ကင်ဆာပါ။ အမျိုးသားရော အမျိုးသမီးတွေမှာပါ နောက်ထပ် အဖြစ်များလာတာကတော့ အူမကြီးနဲ့ စအိုကင်ဆာပဲဖြစ်ပါတယ်။ ဒါတွေက နိုင်ငံတွေရဲ့ လူမှုစီးပွား ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေမှာ အမှန်ပါပဲ။ "

ကင်ဆာ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းထဲမှာ ဆေးလိပ်နဲ့ အရက်သေစာ သောက်သုံးတာ၊ အထိုင်များသူ အဝလွန်သူတွေနဲ့ လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်အပြင် ၊ အမဲ ဝက် သိုး ဆိတ် စတဲ့ ခြေ ၄ ချောင်းသားကို အနောက်တိုင်းပုံစံနဲ့ အစားများတာတွေကလည်း ဒီရောဂါကို ပိုဖြစ်လာစေတယ်လို့ WHO က သတိပေးပါတယ်။

နောက်ထပ် အနှစ်အစိတ်လောက်အတွင်း ကမ္ဘာ့လူဦးရေ တိုးလာတာနဲ့အမျှ လူအဖွဲ့အစည်းထဲ အသက်ရွယ်ကြီးရင့်သူ ပိုများလာမှာဖြစ်သလို၊ ကင်ဆာဖြစ်ပွားနှုန်းလည်း ပိုများလာမယ်လို့ ဆိုပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆိုရင် ကင်ဆာဖြစ်ပွားမှုနှုန်းက သိသိသာသာကြီးကို တိုးလာမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၂ နဲ့ နှိုင်းယှဥ်ရင် ၂၀၅၀ ရောက်တဲ့အခါ ကင်ဆာဝေဒနာရှင်အသစ် နောက်ထပ် (၅)သန်းနီးပါး တိုးလာမယ်လို့ WHO က သုံးသပ်ထားပါတယ်။

ရာခိုင်နှုန်းအားဖြင့် နှိုင်းယှဥ်မယ်ဆိုရင်တော့ ချမ်းသာတဲ့ နိုင်ငံတွေထက်စာရင် လူမှုစီးပွား ဖွံ့ဖြိုးမှု နိမ့်ကျတဲ့နိုင်ငံတွေမှာ ကင်ဆာဖြစ်ပွားမှုနှုန်း ပိုများလာမှာဖြစ်ပြီး ၁၄၂ % အထိ တိုးလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလို အခြေအနေက စိုးရိမ်စရာ သိပ်ကောင်းတယ်လို့ WHO အဖွဲ့ရဲ့ ကင်ဆာရောဂါ ကျွမ်းကျင်ပညာရှင် Dr André Ilbawi ကဆိုပါတယ်။

" ကင်ဆာ ဝေဒနာရှင်တွေသာ ၂ ဆလောက် တိုးလာမယ့် အရေးကို မြင်ယောင်မိရင် ၊ ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ဆေးပညာ ကျွမ်းကျင်သူတွေနဲ့ ဆေးရုံတွေ ၊ လိုအပ်တဲ့ စက်ကရိယာတွေ ရှိထားဖို့ လိုပါတယ်။ ခုချိန်မှာ ဒါတွေဟာ အရေးတကြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုနေပြီဆိုတာကို နိုင်ငံတော်ရဲ့ မူဝါဒ ရေးဆွဲသူတွေရော၊ လူမှုအသိုင်းအဝိုင်းနဲ့ အစိုးရမဟုတ်တဲ့ ပရဟိတ အဖွဲ့တွေကိုပါ တိုက်တွန်းနှိုးဆော်လိုပါတယ်။ ခုထဲက ကြိုတင် ပြင်ဆင်မှု မလုပ်နိုင်ဘူးဆိုရင် အနာဂတ်မှာ အခြေအနေတွေဟာ ကျနော်တို့ ခန့်မှန်းထားတာထက် ပိုဆိုးလာဖို့သာ ရှိပါတယ်။ "

လက်ရှိ ကမ္ဘာ့လူဦးရေဟာ ၈ ဘီလီယံကျော် ရှိနေရာက ၂၀၅၀ ပြည့်မှာ ၁၀ ဘီလီယံလောက်ထိ တိုးလာမှာဖြစ်လို့ ကင်ဆာဖြစ်ပွားနှုန်းရော ကင်ဆာကြောင့်သေဆုံးမှုပါ ၂ ဆလောက် တိုးလာနိုင်တယ်လို့ WHO က ခန့်မှန်းထားပါတယ်။

XS
SM
MD
LG