သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်းလုံမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာ


လောင်းလုံမြို့နယ်မှာ ဗုံးခိုကျင်းတွေ တူးနေကြ (ဖေဖော်ဝါရီ ၊ ၂၀၂၄)
ဓာတ်ပုံ - လောင်းလုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။
လောင်းလုံမြို့နယ်မှာ ဗုံးခိုကျင်းတွေ တူးနေကြ (ဖေဖော်ဝါရီ ၊ ၂၀၂၄) ဓာတ်ပုံ - လောင်းလုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ပြည်သူတွေကို ဗုံးခိုကျင်းတူးကြဖို့ မြို့နယ်ပကဖနဲ့ ပအဖအဖွဲ့တွေက တိုက်တွန်းထားပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ အရင်ကထက် တိုက်ပွဲတွေပိုဖြစ်လာပြီး စစ်ကောင်စီဘက်က ရေကြောင်းနဲ့ ကုန်းကြောင်း တိုက်ခိုက်မှုအပြင် လေကြောင်းကနေလည်း ပျံဝဲစောင့်ကြည့်နေတယ်လို့ ​ဒေသတာဝန်ရှိသူတွေကပြောပါတယ်။ လောင်းလုံးဒေသတွင်းအခြေအနေတွေကို အလိမ္မာက တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတူးထားဖို့ကို မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေဘက်က အခုရက်ပိုင်းထဲမှာ ထပ်ပြီး တိုက်တွန်းထားပါတယ်။ အခုရက်ပိုင်းထဲမှာ ထိတွေ့တိုက်ပွဲ မရှိပေမယ့် စစ်ကောင်စီဘက်က ထားဝယ်မြစ်ကြောင်းကနေ တဆင့် စစ်သင်္ဘောတွေနဲ့ ဝင်လာပြီး ကမ်းဘက်မှာရှိတဲ့ ရွာတွေကို လက်နက်ကြီး၊ စစ်သေနတ်တွေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ပစ်ခတ်တာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပကဖ ပြောရေးဆိုခွင့်ရှိသူ တဦးက ပြောပါတယ်။

"အဓိကတော့ ကျနော်တို့က ဗုံးခိုကျင်းတူးဖို့ ပြောတာက အခုမှတော့ မဟုတ်ဘူးပေါ့ဗျာ၊ ဟိုးအရင်ကတည်းက ပြောတယ်။ ဒါပေမဲ့ အခုက တကယ်အရေးကြီးလာတဲ့ အခြေအနေဖြစ်လာတဲ့ အခါကျတော့ ကျနော်တို့က ထပ်ပြီးတော့ သတိပေးတဲ့အနေနဲ့ ပြန်ပြောတာဗျ။"

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာလည်း သတိပေးထားတာမျိုး မရှိပေမယ့် မြေပြင်မှာတော့ ဗုံးခိုကျင်းတူးပြီး ကြိုတင်ပြင်ဆင်တာတွေ ရှိတယ်လို့ ပြောပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီအနေနဲ့ ပင်လယ်ရေကြောင်းနဲ့ ကုန်းကြောင်းကိုသာ အဓိကအားထားပြီး အင်အားတိုးချဲ့ တိုက်ခိုက်တာတွေ ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ လေကြောင်းတိုက်ခိုက်တာတွေလည်း ရှိလာတယ်လို့ ပြောပါတယ်။ မြိတ်ခရိုင်၊ တနင်္သာရီနဲ့ ပုလောမြို့နယ်ဘက်မှာ လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပေမယ့် ထားဝယ်ခရိုင်မှာတော့ လေကြောင်းတိုက်ခိုက်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

"ထားဝယ်ခရိုင်ဘက်မှာတော့ မရှိသေးဘူးလို့ ပြောလို့ရမယ်ပေါ့နော်။ ကျနော်တို့အနေနဲ့ အတည်ပြုလို့ မရဘူးပေါ့။ ပြီးခဲ့တဲ့ ၃၊ ၄ရက်က သူတို့ရဟတ်ယာဉ်တွေ လာတာရှိတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်ကနေ ပစ်ခတ်တာကတော့ ကျနော်တို့အနေနဲ့ အတည်မပြုနိုင်ဘူးပေါ့နော်။ ဒါပေမဲ့ အခုလက်ရှိ ရက်ပိုင်းထဲမှာတော့ Mi-2 စစ်ရဟတ်ယာဉ်တွေ ပျံဝဲတာတွေ ကျနော်တို့ဘက်မှာ များလာတယ်ပေါ့နော်။ ပြီးတော့ သတင်းတွေလည်း ပျံ့နှံ့နေတာရှိတယ်ပေါ့၊ လေယာဉ်နဲ့ ဗုံးကျဲဖို့ ဘာညာဆိုပြီးတော့။"

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ ကျေးရွာတွေထဲကို ဒေသခံတွေ ပြန်မဝင်ကြသေးပါဘူး။ ရွာတွေဘက်မှာ စစ်ကောင်စီ အသွားအလာမရှိပေမယ့် မြို့ပေါ်မှာတော့ အင်အားထပ်ပြီး တိုးချဲ့တာမျိုး ရှိလာတယ်လို့ စစ်ရှောင်နေရသူတဦးက ပြောပါတယ်။

"ရွာထဲမှာတော့ ဘာသတင်းမှ မကြားရတော့ဘူး။ အေးတော့ အေးနေတယ်။ ရေဖြူဘက်မှာတော့ နည်းနည်းလှုပ်နေတယ်။ ဟိုတနေ့ကလည်း ၁၀၀ လောက်လာတယ် ပြောတာပဲ။ အင်အားနည်းနည်း ထပ်တိုးထားတယ်။ အရင်တုန်းက အဲလောက်မရှိဘူး။ အရင်က ၄၀ လောက်ပဲရှိတယ်။ အခုတော့ နည်းနည်းတိုးထားတယ်လို့ ပြောတယ်။"

တနင်္သာရီတိုင်းထဲမှာ အရင်ကထက် ထိတွေ့တိုက်ပွဲတွေ ပိုဖြစ်လာနေလို့ ပြည်သူတွေအနေနဲ့ သတိပြု နေထိုင်ကြဖို့ကိုလည်း လောင်းလုံးမြို့နယ် ပကဖ ပြောခွင့်ရှိသူ တဦးက ပြောပါတယ်။

"အခုလက်ရှိကတော့ ကျနော်တို့ တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေက မကြာမကြာ ဖြစ်နေတယ်ပေါ့နော်။ အရင်ကထက် ပိုပြီးတော့ ဖြစ်လာတယ်ပေါ့။ လေယာဉ်တွေလည်း သုံးလာတာ တွေ့ရတယ်။ တနင်္သာရီတိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ စနေပြီလို့တောင် ပြောလို့ရတယ်ပေါ့နော်။ အဲတော့ ပြည်သူတွေ စစ်ရေးအသိရှိရှိနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ လိုတယ်ပေါ့နော်။"

တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီဘက်က မြေပြင်အင်အား တိုးချဲ့တာ၊ လေယာဉ်ပျံသန်းတာတွေ ရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောနေပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ အရင်က ရေကြောင်းကိုသာ အဓိကအသုံးပြုပြီး စစ်ကောင်စီဘက်က လှုပ်ရှားတာတွေရှိပေမယ့် အခုနောက်ပိုင်းမှာတော့ လေကြောင်းရန်ကိုပါ သတိရှိကြဖို့ ပြည်သူတွေကို တိုက်တွန်းနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG