သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးပေါက်ကွဲမှုကြောင့် အနည်းဆုံး ၉ ဦး ဒဏ်ရာရ


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ညဈေးတန်းအနီးက ဗုံးပေါက်ကွဲခဲ့တဲ့ စန်းရွှင်ဟိုတယ်ကို မြင်တွေ့ရစဉ် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ညဈေးတန်းအနီးက ဗုံးပေါက်ကွဲခဲ့တဲ့ စန်းရွှင်ဟိုတယ်ကို မြင်တွေ့ရစဉ် (ဖေဖော်ဝါရီ ၈၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့ ညနေပိုင်းက ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး လူ ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီပေါက်ကွဲမှုဟာ လက်နက်ကိုင်အဖွဲ့တွေက ဆက်ကြေးကောက်ယူတာနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။ လားရှိုးမြို့က ပေါက်ကွဲမှုသတင်း ကိုစည်သူ တင်ပြထားပါတယ်။

လားရှိုးမြို့ ညဈေးတန်းအနီးက စန်းရွှင်ဟိုတယ်မှာ ဗုဒ္ဓဟူးနေ့ ညနေ ၅နာရီ ဝန်းကျင်လောက်မှာ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲမှုအခြေအနေကို စုံစမ်းလေ့လာထားတဲ့ လားရှိုးဒေသခံတစ်ဦးက ဒီဖြစ်စဉ်မှာ လူ ၉ ယောက် ထိခိုက်ခဲ့ကြောင်း VOA ကို အခုလို ပြောပါတယ်။

“ ကွဲတာက စန်းရွှင်ဟိုတယ်မှာ ။ သူက ဘယ်လိုလဲဆို ဆိုင်ကယ်နဲ့လာပြီးမှာ စန်းရွှင်ဟိုတယ်ကို လိမ္မော်သီး လက်ဆောင်ဆိုပြီးမှ လာပေးတာ။ ဘယ်ကပေးတာလဲ ဘာညာ ပြောတဲ့အခါကျ သူက ကောင်းကောင်းမွန်မွန် မဖြေနိုင်ဘူး။ မဖြေနိုင်တော့ မသင်္ကာလို့ဆိုပြီးမှ အဲဒီဟာကို အပြင်မှ ချထားလိုက်တာ။ အဲဒီလိမ္မော်သီးခြင်းကို။ အဲဒီမှာ ထကွဲတာပဲ။ ထိတာက အားလုံး ၉ယောက်၊ ကြီးကြီးမားမားထိတာကတော့ သူတို့ စားဖိုမှူးကတော့ လက်ကျိုးသွားတယ်။ ယောက်ျားလေးက ၄ယောက်၊ မိန်းကလေးက ၅ ယောက်။ ဆေးရုံမတက်ရဘူး။ ၈ ယောက်က မတက်ရဘူး။ ဒီတိုင်းပဲ ဆေးထည့်ဘာထည့်နဲ့ ပြန်ပို့လိုက်တယ်။ တယောက်ကတော့ အဲဒီလက်ကျိုးသွားတဲ့ဟာကတော့ ဆေးရုံတက်ရတယ်။”

အခြားဒေသခံတဦးကတော့ ဒီပေါက်ကွဲမှုဟာ လက်နက်ကိုင်အဖွဲ့တွေက ဆက်ကြေးကောက်ယူတာနဲ့ သက်ဆိုင်ကြောင်း နဲ့ ဆိုင်ကယ်နဲ့ ဗုံးထောင်ဖောက်ခွဲတာဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

“ ဆက်ကြေးကောက် မရလို့ ခွဲတဲ့ သဘောတွေပါ ဒါတွေက။ လားရှိုးမြို့က ဗုံးပေါက်ကွဲတဲ့ဟာတွေ မှန်သမျှက ခပ်များများက တပုံစံတည်းပဲ။ ဆိုင်ကယ်ထဲ ထည့်ပြီး ဆိုင်ကယ်မောင်းလာထားမယ်။ ပြီးရင်အဝေးက Control ထိန်းစနစ်နဲ့ ဖောက်ခွဲမယ်။ သို့မဟုတ် ပါဆယ်ဗုံးနဲ့ လာထားမယ်။ ဟိုတယ်တို့ ဘာတို့ဆို၊ အဲလိုပါပဲ။ အခုကလည်း ဆိုင်ကယ်ပါပဲ။ လုံခြုံမှု မရှိတဲ့ မြို့ တမြို့ ဖြစ်သွားပြီ။ အဓိကက ပြည်သူတွေကတော့ ကျီးလန့်စာ စားတာပေါ့ဆရာရယ်။ ”

ရှမ်းပြည်နယ်အတွင်းက သတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရပ်ကွက် ၈ နမ့်ခုံဆေးတိုက်အနီးမှာ ပေါက်ကွဲမှုတကြိမ်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက်နေ့က ရပ်ကွက် ၃ ရှိ DR ကုန်မာဆိုင်ရှေ့မှာ ဗုံး ၂လုံးပေါက်ကွဲခဲ့ကြောင်း၊ ၁၀ရက်အတွင်း ၃ ကြိမ်ပေါက်ကွဲကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့ လားရှိုးမြို့ထွက် Denko ဆီဆိုင်ပေါက်ကွဲမှုမှာတော့ လူ ၂ယောက်သေဆုံးခဲ့သလို ၁၂ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၃ခုနှစ် နှစ်ဧပြီလ ၁၃ရက်၊ သင်္ကြန်အကြိုနေ့မှာ ရန်တိုင်းအောင်ဘုရားရှေ့ ပေါက်ကွဲမှုမှာတော့ လူ ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တာကြောင့် အဲဒီနှစ်အတွင်း လူအသေအပျောက်အများဆုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

လားရှိုးမြို့မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုတွေမှာတော့ တရားခံကို ဖော်ထုတ်နိုင်တာ မတွေ့ ရပါဘူး။ ဗုဒ္ဓဟူးနေ့ ပေါက်ကွဲမှုဟာ လားရှိုးမြို့ ပေါ်မှာ စစ်တပ်နဲ့ ရဲအင်အားအများအပြားရှိနေပြီး မြို့အတွင်း သွားလာမှုကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေတဲ့ ကြားက ပေါက်ကွဲတာဖြစ်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

လောလောဆယ်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း လက်လွှတ်လိုက်ရတဲ့ မြို့နဲ့ တပ်စခန်းတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အားတွေဟာ လားရှိုးမြို့မှာ စုရုံးရောက်ရှိနေပြီး မြို့ ပတ်ပတ်လည်မှာလည်း ညီနောင်မဟာမိတ်တပ်တွေက ဖြန့်ကျက်နေရာယူထားတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာမှုတွေက မြင့်တက်နေဆဲ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG