သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ထန်းတပင်မှာ ဒေသခံတွေပိတ်မိ


ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ပိတ်မိနေတဲ့ ဒေသခံအရပ်သားများ
ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ပိတ်မိနေတဲ့ ဒေသခံအရပ်သားများ

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နေပြီး အရပ်သား ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကဆိုပါတယ်။ တိုက်ပွဲအရှိန်လျော့သွားပေမယ့် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။ ပဲခူးတိုင်းထဲက တိုက်ပွဲ အခြေအနေတွေကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ပိတ်မိနေတဲ့ ဒေသခံအရပ်သားတွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ဘေးကင်းရာကို ကယ်ထုတ်နေပါတယ်။ တိုက်ပွဲကြောင့် မြို့တွင်းက အဆောက်အဦးတွေလည်း ပျက်စီးတာရှိပြီး အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။ ဇရပ်ကြီးမြို့တွင်းအခြေအနေနဲ့ ပတ်သက်လို့ မြေပြင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတဦးက အခုလို ပြောပြပါတယ်။

“သူတို့ကို ကယ်ထုတ်နေတာပါ။ တောင်ငူထဲမှာပဲထားမှ အဆင်ပြေမှာပါ။ ညီမတို့လည်း လက်လှမ်းမှီတဲ့နေရာပေါ့နော်။ ဒီဘက်က နယ်မြေလည်း မအေးချမ်းတော့ ထားလို့ အဆင်မပြေဘူး။ စစ်ဘေးရှောင်က လက်ရှိ ၁ သောင်းကျော်ကျော်လောက်ရှိမယ် မကဘူးလားမသိဘူး။ ထပ်ထွက်လို့ မရတဲ့ နေရာတွေရှိသေးတယ်။ သာယာကုန်းတို့ဘာတို့ဆို အဲ့ဘက်မှာ ပိတ်မိနေတာပေါ့နော်။ ထွက်လို့မရတဲ့လူတွေ ရှိသေးတယ်။ အရပ်သား သေဆုံးမှုကတော့ အများကြီးပဲ။ မသိတဲ့အလောင်းတွေကော သိတဲ့အလောင်းတွေကော အများကြီးပဲ။ လေယာဉ်ကြဲချတာပေါ့နော်။ လေယာဉ်ကြဲချတာကြောင့် အောက်က အဆောက်အဦးတွေက မီးလောင်တာတွေများတယ်။”

မြို့တွင်း တိုက်ပွဲဖြစ်တဲ့နေရာအနီးက နေအိမ်တွေဟာ လေကြောင်းတိုက်ခိုက်တာကြောင့် မီးလောင်ပြိုကျပျက်စီးတာတွေရှိပြီး သေဆုံးသူအရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးဘူးလို့လည်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့တနေရာ
ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့တနေရာ

တိုက်ပွဲတွေဟာ မနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၄ နာရီခန့် လင်းအားကြီးအချိန်ကစလို့ ညနေအထိ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မှာတော့ တိုက်ပွဲအရှိန် လျော့သွားပေမယ့် စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေတယ်လို့ ကရင်အမျိုးသား အစည်းအရုံး တောင်ငူခရိုင် တပ်မဟာ ၂ ပြောရေးဆိုခွင့်ရှိသူ ပဒို စောသောတူထူးက

“ဒီနေ့တော့ တိုက်ပွဲတွေမရှိတော့ဘူး။ စကစကနေပြီးတော့ ကျွန်တော်တို့ တပ်ဖွဲ့တွေ ရှိမယ့်နေရာတွေကို ခန့်မှန်းပြီးတော့ လက်နက်ကြီးနဲ့တော့ တနေကုန်လုံး ပစ်တယ်ပေါ့နော်။ လေကြောင်းကတော့ (မနေ့) ၈ နာရီ လောက်ကစပြီးတော့ တနေကုန် ညအထိပဲ လေကြောင်း တိုက်ခိုက်မှုရှိတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ပစ်မှတ်တွေကို ထားပြီးတော့ ပစ်တာကိုတွေ့ရတယ်။ အနီးနားရွာတွေကိုလည်း ပစ်တယ်ပေါ့နော်။ ကျွန်တော်တို့ စစ်ရေးပစ်မှတ်တွေမဟုတ်ဘဲ အရပ်သားတွေနေတဲ့ လူထုတွေနေတဲ့ ကျေးရွာတွေထဲကို ပစ်ချတယ် တနေကုန်ပဲ။ လက်နက်ကြီးနဲ့လည်း ပစ်တယ်ပေါ့နော်။”

လက်ရှိအချိန် ဇရပ်ကြီးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားပျက်စီးသွားပြီး စစ်တပ်ဘက်က တပ်ရင်းတွေထဲမှာ ဆက်လက်တပ်စွဲထားသေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ KNLA နဲ့ PDF တပ်ဖွဲ့တွေက မြို့ဆိုးတံတားနဲ့ နှစ်တန့်ကူးတံတား လုံခြုံရေး စခန်းတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တပ်မတော်က လေကြောင်းနဲ့လက်နက်ကြီး ပစ်ကူသုံးတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေ့လည်ပိုင်းမှာ KNLA နဲ့ PDF တပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့ဘက်ကို ရှင်းလင်းရေးဆောင်ရွက်နေပြီး မြို့အတွင်း လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်နေသလို တပ်မတော်ဘက်ကလည်း ကျဆုံးတာတွေရှိခဲ့ပြီး KNLA နဲ့ PDF ဘက်ကလည်း အလောင်းနဲ့ လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG