သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသား ၁ ဒါဇင်နီးပါး မလေးရှားမှာဖမ်းဆီးခံရ


မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးခဲ့ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)
မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးခဲ့ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)

မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ် ရေပိုင်နက်ထဲမှာ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာသူ ၂ ဒါဇင်လောက်ကို ဖမ်းဆီးရမိကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံသား သိန်းနဲ့ချီနေထိုင်နေတဲ့ မလေးရှားနိုင်ငံကို အထူးသဖြင့် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းမှာ ဝင်ရောက်လာသူ အများအပြားလည်း ရှိနေတာပါ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ်မှာ ရေလမ်းကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ကြပ်ကြပ်မတ်မတ်စစ်ဆေးနေချိန်မှာပဲ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးရမိကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံကနေ တရားမဝင်ဝင်ရောက်လာတာဖြစ်တယ်လို့ မလေးရှားနိုင်ငံက မြန်မာ့အရေးလှုပ်ရှားသူ ဦးစိုးထက်သိန်းကပြောပါတယ်။

"ကျနော်တို့ ဆလန်ကော ရေပိုင်နက်ထဲမှာ ငါးဖမ်းလှေမဟုတ်ပဲနဲ့ သစ်သားလှေနဲ့ အထောက်အထားမဲ့ ၂၄ဦး ဝင်လာတာကိုဖမ်းမိတယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ် ၊ ဖမ်းမိတဲ့အထဲမှာ မြန်မာနိုင်ငံသား ၁၁ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၃ဦးပါဝင်တယ်လို့သိရပါတယ်"

အခုဆိုရင် တရားမဝင်မြန်မာတွေကိုမြေပြင်မှာကော ရေပြင်မှာပါ ဖမ်းဆီးနေတာပါ။ အခုလည်းအရင်က စစ်ဆေးလေ့သိပ်မရှိတဲ့ ရေလမ်းတွေကို ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်လာတယ်လို့ဆိုပါတယ်။ မတ်လ ၁ ရက်ကစပြီး အထောက်အထားမဲ့ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာသံရုံးတွေရဲ့ ထောက်ခံချက်နဲ့ နေရပ်ပြန်ပို့မဲ့ အစီအစဉ်ကို မလေးရှားအစိုးရက ကြေညာထားတဲ့ အချိန်မှာပဲ တရားမဝင် ဝင်ရောက်လာသူတွေကို မလေးရှားအစိုးရက တင်းတင်းကြပ်ကြပ် စိစစ်နေတာပါ။

"ဒီဘက်နောက်ပိုင်းမှာမလေးရှားမှာ တရားမဝင် တဲ့သူတွေမြန်မာတွေကို ဖမ်းဆီးတာကပိုက်စိပ်တိုက်ဖမ်းနေတာ နေရာအနှံဖြစ်ပါတယ်၊ မလေးရှားရေပိုင်နက်မှာအခုလိုတရားမဝင်တဲ့သူတွေကို ဖမ်းမိတာကတော့ ပထမဦးဆုံးအကြိမ်တော့မဟုတ်ဘူး၊ ပြီးခဲ့တဲ့လတွေမှာလည်းခပ်စိပ်စိပ်ဖြစ်နေတာပဲ ကမ်းခြေစောင့်တပ်ဖွဲ့က မလေးရှားနိုင်ငံထဲကိုတရားမဝင် ဝင်ရောက်လာသူတွေကို စောင့်ကြည့်စစ်ဆေးနေတယ်လို့ယူဆလို့ရပါတယ်"

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ ရေပိုင်နက်နဲ့ ကလမ်ရေပိုင်နက်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကပဲ အထောက်အထားမဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အလားတူမလေးရှားနိုင်ငံ ဆလန်ကောပြည်နယ်ထဲက မလေးရှားရေပိုင်နက်ထဲက မလေးရှားသင်္ဘောပေါ်မှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာသင်္ဘောသား ၁၄ဦးကို ဇန်နဝါရီလ ၇ ရက်နေ့ကပဲ ရေကြောင်း အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ မလေးရှားနိုင်ငံ ပီရတ် ရေပိုင်နက်ထဲမှာပဲ ဇန်နဝါရီ ၁၁ ရက်ကလည်း တရားမဝင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့ က ဖမ်းဆီးခဲ့ပါတယ်။

Forum

XS
SM
MD
LG