သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟွန်ဆန်နဲ့ ကမ္ဘောဒီးယားနိုင်ငံရေး


ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် အထက်လွှတ်တော် ရွေးကောက်ပွဲ မဲလာပေးစဥ်။ Feb. 25, 2024.
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် အထက်လွှတ်တော် ရွေးကောက်ပွဲ မဲလာပေးစဥ်။ Feb. 25, 2024.

ဒီသီတင်းပတ်ကုန် ကျင်းပတဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းလုပ်ခဲ့သူ လက်ရှိ CPP ပါတီဥက္ကဌ ဟွန်ဆန်ဟာ အထက်လွှတ်တော် ဥက္ကဌ ဖြစ်လာဖို့ ရှိနေပါတယ်။ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး ရှေ့မျက်နှာစာကို ဟွန်ဆန် ပြန်ရောက်လာမှာပါလား။ AFP သတင်းပေါ်အခြေခံပြီး ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။


ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲကို ဖေဖေါ်ဝါရီလ နောက်ဆုံး တနင်္ဂနွေနေ့က ကျင်းပခဲ့ရာမှာ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဘုရင်က နိုင်ငံ့ဥသျှောင်လို့ ဆိုပေမယ့် အထက်နဲ့အောက် လွှတ်တော် ၂ ရပ်စလုံးက အမတ်တွေကို မဲပေးစနစ်နဲ့ ရွေးချယ်ကြပြီး ၊ နိုင်ငံရဲ့အဓိက အာဏာကတော့ ဝန်ကြီးချုပ်လက်ထဲမှာ ရှိပါတယ်။ ကမ္ဘောဒီးယား ဖွဲ့စည်းပုံအရ အထက်လွှတ်တော်မှာ (၆၂)နေရာ ရှိတဲ့အနက် ၂ ဦးကို ဘုရင်က စိတ်ကြိုက် ခန့်ထားနိုင်ပြီး၊ နောက်ထပ် ၂ ဦးကို အောက်လွှတ်တော်က အမည်တင်သွင်း ခန့်ထားနိုင်တာကြောင့် ကျန်(၅၈)နေရာကိုသာ မဲပေး ရွေးချယ်ကြတာ ဖြစ်ပါတယ်။ အဲဒီ (၅၈)နေရာအနက် (၅၅)နေရာကို ဟွန်ဆန်တို့ရဲ့ CPP ပါတီက အနိုင်ရသွားတာပါ။

ပြီးခဲ့တဲ့နှစ်ကမှ ဝန်ကြီးချုပ်ဘဝကနေ အနားယူလိုက်တဲ့ ဟွန်ဆန်က သူ့အနေနဲ့ အထက်လွှတ်တော် ဥက္ကဌအဖြစ်နဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ပြောထားပါတယ်။ သီတင်းပတ် အတော်ကြာ အချိန်ယူပြီးနောက် အထက်လွှတ်တော် ရွေးကောက်ပွဲရလဒ်ကို အပြီးသတ် ကြေညာပြီးရင်တော့ ဟွန်ဆန်ကို အထက်လွှတ်တော်ဥက္ကဌအဖြစ် တင်မြောက်သွားမယ်လို့ CPP ပါတီရဲ့ ပြောခွင့်ရသူ Sok Eysan ကကြေညာထားပါတယ်။

ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ပုံမှန်အားဖြင့် ကမ္ဘောဒီးယားဘုရင် Norodom Sihamoni ကသာ နိုင်ငံ့အကြီးအကဲ ဖြစ်ပေမယ့်၊ အကယ်၍ ဘုရင်က နိုင်ငံခြားခရီး ထွက်နေချိန်မျိုးဆိုရင် အထက်လွှတ်တော်ဥက္ကဌက ဘုရင့်ကိုယ်စား နိုင်ငံ့အကြီးအကဲအဖြစ် အခမ်းအနားတွေကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ မဲလာပေးတဲ့ ဒေသန္တရကောင်စီ ဥက္ကဌ ဖြစ်သူ Oeu Siphon ရဲ့အမြင်ကတော့ − ။

" ဆွန်ဒက် ဟွန်ဆင်ဟာ နိုင်ငံ့ရှေ့ဆောင် တဦးပါ။ သူ့မှာ အတွေ့အကြုံ များစွာရှိပါတယ်။ သူသာ အထက်လွှတ် တော်ကို ဦးဆောင်မယ်ဆိုရင် ကျနော်တို့တိုင်းပြည် အလွယ်တကူနဲ့ ကြွယ်ဝချမ်းသာလာမှာပါ။ ၁၉၇၉ ခုနှစ်ကတည်းက ထင်ရှားလာတဲ့ ခေါင်းဆောင်ဖြစ်လို့၊ ခေါင်းဆောင်ကောင်း တယောက်အဖြစ် ယုံကြည်ပါတယ်။ "

ဆယ်စုနှစ် ၄ ခုကျော် ကမ္ဘောဒီးယားကို လက်မလွှတ်စတမ်း အုပ်ချုပ်လာခဲ့တဲ့ ဟွန်ဆန်ဟာ ၊ အတိုက်အခံမရှိဘဲ အနိုင်ရခဲ့တဲ့ ၂၀၂၃ ဂျူလိုင် ရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ရာထူးကို စွန့်လွှတ်လိုက်ကာ၊ သားအကြီးဆုံးဖြစ်သူ စစ်တပ်အကြီးအကဲ Hun Manet ကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့ပါတယ်။ သားငယ်ဖြစ်သူ Hun Many ဟာလည်း ဒုဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဖနွမ်းပင်တဝိုက် ပြည်သူတွေကတော့ အာဏာအဝန်းအဝိုင်းထဲ ဟွန်ဆန် ပြန်ဝင်လာမှာကို လိုလားနေကြပါတယ်။ ဒေသန္တရအုပ်ချုပ်ရေး ကောင်စီဝင် Chhim Vanarith ဟာလည်း ဒီရွေးကောက်ပဲွမှာ မေးပေးခဲ့သူပါ။

" ဟွန်ဆန်−သာ အထက်လွှတ်တော်ဥက္ကဌ ဖြစ်လာရင် ပျော်မိမှာပါ။ သူက ဝန်ကြီးချုပ်အဖြစ်နဲ့လည်း နှစ်ပေါင်းများစွာ လုပ်ခဲ့သလို တိုင်းပြည်တိုးတက်အောင်လည်း ဦးဆောင်ခဲ့သူပါ။ သူ လွှတ်တော်ဥက္ကဌ ဖြစ်လာရင် တိုင်းပြည်က ထပ်တိုးတက်ပြီး ငြိမ်းချမ်းမှုရှိမှာ အမှန်ပါ။ "

အထက်လွှတ်တော် ရွေးကောက်ပွဲကို ဟွန်ဆန်တို့ရဲ့ CPP ပါတီအပြင် ၊ Khmer Will Party, the Nation Power Party နဲ့ ဘုရင့်သစ္စာခံ Funcinpec ပါတီတို့ ဝင်ပြိုင်ခဲ့ကြပြီး ၊ CPP က ၅၅ နေရာနဲ့ အတိုက်အခံ Khmer Will ပါတီက ၃ နေရာ အနိုင်ရပါတယ်။ အောက်လွှတ်တော်မှာလည်း ၁၂၅ နေရာရှိတဲ့အနက် CPP ပါတီက နေရာ(၁၂၀) ရထားပြီး၊ ဘုရင့်သစ္စာခံ Funcinpec ပါတီက (၅)နေရာ ရရှိထားပါတယ်။

အထက်လွှတ်တော်မှာ ဟွန်ဆင် ဥက္ကဌဖြစ်လာရင် သူတို့မိသားစုရဲ့ နိုင်ငံရေးသြဇာ ပိုကြီးထွားလာမယ့် လက္ခဏာလို့ ဟွန်ဆန်အကြောင်း စာအုပ်ရေးသားသူ Sebastian Strangio က မှတ်ချက်ပေးပါတယ်။ တဖက်မှာလည်း ဝန်ကြီးချုပ်အသစ် ဖြစ်လာတဲ့ သားဖြစ်သူ ဟွန်မနက်ကိုလည်း အကာအကွယ်ပေးနိုင်သလို၊ မိသားစု လုပ်ပိုင်ခွင့်တွေကိုလည်း ဆက်ပြီး အကာကွယ်ပေးသွားနိုင်မယ့် သဘောလို့ Sebastian က မြင်ပါတယ်။

Forum

XS
SM
MD
LG