သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှုမှာ သေဆုံးသူအလောင်းတချို့တွေ့ရှိ


ဖားကန့်ကျောက်စိမ်းတွင်းနွံကန်ပြိုကျခဲ့ (မတ် ၁၂၊ ၂၀၂၄)
ဖားကန့်ကျောက်စိမ်းတွင်းနွံကန်ပြိုကျခဲ့ (မတ် ၁၂၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းကုမ္ပဏီတခုရဲ့ လုပ်ကွက်ကျင်းထဲကို အနီးနားက နွံကန်ပြိုကျခဲ့ရာက မွန်းလွဲပိုင်းအထိ သေဆုံးသူ အနည်းဆုံး အလောင်း ၂ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီနေ့အစောပိုင်း မြေပြိုမှုမှာ ၃၀ လောက် ပျောက်ဆုံးနေတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ က ပြောပြမှာပါ။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ 'မန'မှော်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ထဲကို ဒီနေ့မနက် ၄နာရီလောက်က ရွှံ့နွံကန်တခု ပြိုကျခဲ့ပြီး ညပိုင်းအလုပ်ဆင်းနေတဲ့ ကုမ္ပဏီဝန်ထမ်း အယောက် ၃၀ကျော်လောက် ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ ပေ ၃၀၀ လောက်ကျယ်ပြီး၊ အတော်လေးနက်တဲ့ လုပ်ကွက်ဖြစ်လို့ ခက်ခက်ခဲခဲ ရှာဖွေနေရကြောင်းလည်း ပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီလောက်အထိ အပေါ်ယံသာ ရှာဖွေနိုင်ပြီး သေဆုံးသူ ၂ယောက်နဲ့ ဒဏ်ရာရသူ ၄ယောက်ကို ရှာတွေ့ထားတယ်လို့ လူမှုကူညီရေး အဖွဲ့တခုက ဗွီအိုအေကို ပြောတာပါ။

" ကုမ္ပဏီဝန်ထမ်းတွေပေါ့၊ စက်ကြီးတွေနဲ့ အလုပ်လုပ်သူတွေ၊ မိုင်းခွဲတဲ့သူတွေ အကုန်ပါတာပေါ့။ ၃၀အထက်မှာ ရှိမှာပေါ့နော်။ ကယ်ဆယ်ရေး အခြေအနေကတော့ ကျနော်တို့ နားလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ သူက နွံကန်ဖြစ်သည့်အတွက်ကြောင့် ရေမပါသည့်အတွက်ကြောင့် ဒီကျင်းက လုံးဝပြည့်လျှံသွားတာပေါ့နော်။ ကျင်းနှုတ်ခမ်းသားပေါ်မှာရှိတဲ့ နွံလောက်ကိုပဲ ကျနော်တို့ ရှာဖွေကယ်ဆယ်ရေး လုပ်လို့ရတယ်၊ အလောင်း၂လောင်းရတယ်၊ ပြီးရင် ကျင်းပြိုတဲ့အချိန် ထွက်ပြေးလွတ်မြောက်တဲ့ ဒဏ်ရာရတဲ့ လေးယောက်ကတော့ လက်ရှိ ဖားကန့်ဆေးရုံကို ပို့ပေးထားတယ်ပေါ့နော်။"

ကျောက်စိမ်းတူဖော်နေတဲ့ လုပ်ငန်းကတော့ ဦးချိုကုမ္ပဏီဖြစ်တယ်လို့ တချို့က ပြောပါတယ်။ အခုအခင်းဖြစ်ပွားတဲ့ လုပ်ကွက်ကျင်းထဲကိုပဲ ပြီးခဲ့တဲ့ သုံးလလောက်က ဘေးနားက ရေကန်ပြိုကျခဲ့ပြီး ကျောက်စိမ်းတူးဖော်နေတဲ့ အလုပ်သမား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ၂၀၂၁ ဒီဇင်ဘာလတုန်းကလည်း မနမှော်ထဲက ရေကန်ထဲကို မြေစာပုံပြိုကျပြီး လူ ၁၀ ယောက် သေဆုံခဲ့ပါတယ်။

မြေစာပုံပြိုကျပြီး လူတွေ မကြာခဏ သေဆုံးရကြရတာဟာ အာဏာပိုင်တွေဘက်က တာဝန်မဲ့ကျောက်စိမ်းတူးဖော်တာတွေကို အရေးယူဖို့ ပျက်ကွက်လို့ဖြစ်တယ်ဆိုပြီး Global Witness ခေါ် နိုင်ငံတကာ သဘာဝသံယံဇာတအရေး စောင့်ကြည့်ရေးအဖွဲ့နဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက ဝေဖန် ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG