ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြစ်ကြီးနား - ဗန်းမော် လမ်းပေါ်က မြို့သစ်၊ ကုန်းလော၊ နွမ်းလန်းနဲ့နောင်ကွန်ကျေးရွာ အခြေစိုက် အမြောက်တပ်နဲ့ ဒုံးတပ်ဖွဲ့ အပါအဝင် အနည်းဆုံး ၄ နေရာလောက်ကို ဒီမနက်ပိုင်းမှာ KIA က တပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ လိုင်ဇာအနီးက နားဖော့စခန်းကို သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေလုပ်ဆောင်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရတိုက်ပွဲသတင်းတွေကို ကိုစံကျော် က တင်ပြထားပါတယ်။
ဒီလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဌာနချုပ် လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ဒီကနေ့မနက်ပိုင်းမှာတော့ မိုးမောက်မြို့က နေရာ ၄ နေရာကို တပြိုင်တည်း ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို KIA ရှေ့တန်းတပ်ဖွဲ့တွေနဲ့ နီးစပ်သူ မိုးမောက်ဒေသခံ တဦးက VOA ကို အခုလို ပြောပါတယ်။
“ ဒီမနက် ၇ နာရီကနေ မြို့သစ်ရယ်၊ ကုန်းလောရယ်၊ နောင်ကွန်ရယ်၊ နွမ်းလန်းရယ် ဒီမနက် ၇နာရီကနေ တိုက်တာ အခုထိ တိုက်နေတုံးပဲ။ ၄နေရာ။ နောင်ကွန်လည်း အမြောက်တပ်ပဲ။ ပြီးရင် နွမ်းလန်းက ရွာဦးက ၄၃၈ က တပ်ရင်း၊ ရွာအောက်ပိုင်းကတော့ ဒုံးတပ်လေ။ မြို့သစ် ၃၂၀၊ ၃၈၇။ ဒီမနက်ကနေ တိုက်တာ အခုထိ မနားသေးဘူး တဲ့။ လေယာဉ်လာတယ် ၃- ၄ခေါက်တောင်ရှိပြီ။ အခုလည်း ဟိုမှ ကင်းထောက်က ပျံဝဲနေတာ ကြာပြီ။”
၂၀၂၁ ခုနှစ် ဧပြီလအတွင်း က ဖြစ်ပွားတဲ့ အလော့ဘွမ်တိုက်ပွဲဟာ အဲဒီဒေသအတွင်း ဖြစ်ပွားခဲ့ပြီး ကားလမ်းဘေးကျေးရွာတွေ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသလို အခုလည်း တိမ်းရှောင်နေကြပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း မိုးမောက်မြို့နယ် မြစ်ကြီးနား - ဗန်းမော်လမ်းတကြောက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာ ဟုတ်မှန်ကြောင်း နဲ့ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေရှိကြောင်း အတည်ပြုပါတယ်။
“ ဟုတ်ပါတယ်။ ဟိုမိုးမောက်မြို့နယ် နွမ်းလန်းဘက်မှာ တိုက်ပွဲဖြစ်ပါတယ်။ ဒီမနက် ၇နာရီကနေ ညနေ ဒီအချိန်ထိပေါ့။ တိုက်ပွဲရှိပါတယ်။ ဟုတ်ကဲ့။ အဲဒီ တကြောလုံးဖြစ်ပါတယ်။ ရှိပါတယ်။ လေကြောင်းလည်း ရှိပါတယ်။ ”
ဒီကနေ့မှာတော့ လိုင်ဇာ ဋ္ဌာနချုပ်အနီးက နားဖော့စခန်းကို သိမ်းယူပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ ကြောင်း နဲ့ အနီးအနားက ကာကင်းစခန်း ၃- ၄ခုလည်း သိမ်းယူခဲ့ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြော ပါတယ်။
“ နားဖော့ဘက်ကတော့ နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ကြားရပါတယ်။ ဆိုတော့ သိမ်းလည်း သိမ်းနိုင်တဲ့အနေအထားပဲ ဖြစ်ပါတယ်။ ၁၇ရက်ကနေ စတိုက်တာ ဖြစ်ပါတယ်။ နားဖော့တို့၊ ကျနော်တို့ ကချင်အခေါ်နဲ့တော့ ရှန်းတုံလို့ ခေါ်တာပေါ့နော် အဲဒါတွေ ဖြစ်ပါတယ်။ ဝလွတ်ကောင်းတို့ ရှန်တိန်တို့ အဲဒီ ပတ်ဝန်းကျင်က သူတို့ ကာကင်းတွေပါ။ ၃-၄ ခုလောက်တော့ ရှိမှာပါ။ အဓိကကတော့ နားဖော့ပါ။”
တချိန်တည်းမှာတော့ မြစ်ကြီးနား- ပူတာအို လမ်းပေါ်က ဆွမ်ပရာဘွမ်မှာလည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲတွေဟာ ဒီလ ၉ရက်နေ့က စတင်ဖြစ်ခဲ့တာပါ။
ဒီတိုက်ပွဲကြောင့် ဆွမ်ပရာဘွမ်နဲ့ အနီးအနားကျေးရွာက ဒေသခံ ပြည်သူ ၁၂၀၀ကျော်ဟာ တောတောင်နဲ့ စစ်ဘေးလွတ်ရာကျေးရွာတွေကို တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲတွေ တွေ့နေရပါတယ်။
ဆွမ်ပရာဘွမ်တိုက်ပွဲကြောင်း မြစ်ကြီးနား - ပူတာအိုကားလမ်းမှာလည်းအသွားအလာတွေ ရပ်ဆိုင်းခဲ့တာကြောင့် ပူတာအိုမြို့ပေါ်မှာ ကုန်ပစ္စည်းနဲ့ လောင်စာဆီတွေ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို စက်သုံးဆီကလည်း လူတယောက်ကို တလီတာနှုံးနဲ့သာ ဝယ်ယူရရှိနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။
တဆက်တည်းမှာတော့ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်းဖူး စတဲ့ဒေသက ဋ္ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ရုံးပိတ်ပြီး ပူတာအိုကို ပြောင်းရွှေ့နေထိုင်နေကြတာကြောင့် လူဦးရေ တိုးများလာပြီး စားနပ်ရိက္ခာအတွက် ပိုမို အခက်ကြုံနေကြပါတယ်။
Forum