သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်လှေမှောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာတွေ ရှာဖွေရေးအစီအစဉ် အင်ဒိုနီးရှား ရပ်ဆိုင်း


အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းလွန်အတွင်း မှောက်နေတဲ့လှေပေါ်တွေ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၁၊ ၂၀၂၄)

အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး ကမ်းလွန်မှာ စက်လှေမှောက်ပြီး ပျောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို ရှာဖွေတာတွေ ရပ်လိုက်ပြီလို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒုက္ခသည် ဒါဇင်နဲ့ချီ ပင်လယ်ရေလှိုင်းနဲ့ မျောပါ သွားခဲ့တယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောဆိုထားပါတယ်။

သီတင်းပတ်တွေနဲ့ချီ ပင်လယ်ထဲ မျောနေခဲ့ပြီး အများစုက မှောက်နေတဲ့ စက်လှေ ဝမ်းဗိုက်ပေါ်မှာ တွယ်ကပ် ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၆၉ ဦးကို အင်ဒိုနီးရှား အာဏာပိုင်တွေက ခက်ခက်ခဲခဲ ကယ်တင်ခဲ့ပြီး နောက်တနေ့မှာ ပျောက်နေတဲ့ သူတွေကိုတော့ ဆက်မရှာတော့ဘူးလို့ ကြေညာလိုက်တာပါ။ စက်လှေပေါ် လိုက်ပါလာသူစာရင်း မရှိသလို ပျောက်ဆုံး နေသူတွေနဲ့ ပတ်သက်လို့ ဘာအချက်အလက်မှ မရှိတာကြောင့် ရှာဖွေမှုတွေ ရပ်လိုက်တာလို့လည်း အာချေးပြည်နယ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အရာရှိ Muhammad Fathur Rachman က ပြောပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကတော့ စက်လှေပေါ်မှာ လူအယောက် ၁၅၀ လောက် လိုက်ပါတယ်လို့ ခန့်မှန်း ပြောဆိုကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR နဲ့ နိုင်ငံတကာ ရွေ့ပြောင်းသွားလာသူများ ကူညီပေးရေးအဖွဲ့ IOM တို့ကတော့ ရိုဟင်ဂျာတွေပါတဲ့ စက်လှေ မှောက်ပြီး ခုလို ကြုံခဲ့ရတဲ့အပေါ် တုန်လှုပ်မိကြောင်းနဲ့ အထူး စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ပြောပါတယ်။

သူတို့အဖွဲ့တွေ အနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေကို လိုအပ်တဲ့ အထောက်အပံ့တွေ ပေးနိုင်ဖို့လည်း ပြင်ဆင်နေပြီး အနောက်အာချေး ဒေသကို အဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင် အများစုပါတဲ့ ဒီဒုက္ခသည်တွေကို မြန်မာနိုင်ငံက ထွက်ခွာလာသူတွေလို့ ယူဆထားပြီး နှစ်စဥ် ဒီလို ဒုက္ခသည် ထောင်နဲ့ချီဟာ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကို လာဖို့အတွက် ငွေကြေး အမြောက်အများ ပေးရပြီး ပင်လယ် ရေကြောင်း ခရီးရှည်ကို ခနော်ခနဲ့ စက်လှေတွေနဲ့ အသက်စွန့် ထွက်ခွာလာကြသူတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG