သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကူညီဖို့ ရန်ပုံငွေ ကန်ဒေါ်လာသန်း ၈၅၀ ကျော် ကုလပန်ကြား


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာဆန်ချားကျွန်းကို ပြောင်းရွှေ့နေကြတဲ့ ရိုဟင်ဂျာများရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ.
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာဆန်ချားကျွန်းကို ပြောင်းရွှေ့နေကြတဲ့ ရိုဟင်ဂျာများရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ.

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက်အဝန်းတွေကို ကူညီထောက်ပံ့ဖို့အတွက် အခု ၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရရှိဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ လူသားချင်းစာနာကူညီမှုအဖွဲ့အစည်းတွေက မေတ္တာရပ်ခံခဲ့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့ ကုလသမဂ္ဂကပဲ ကမကထလုပ်ပြီး အရေးပေါ်တုံ့ပြန်မှုအစီအစဉ်တွေကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂရုံးချုပ်မှာ မတ်လ ၁၃ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နှစ်စဥ်လုပ်နေကျအတိုင်း အရေးပေါ်တုံ့ပြန်မှုအစီအစဉ်ကို ဒီနှစ်မှာလည်း အလှူရှင်နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ၂၀၂၄ ခုနှစ်အတွက် လိုအပ်ချက်ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ပဋိပက္ခတွေ အရှိန်မြင့်လာတာနဲ့အတူ ဒုက္ခသည်တွေအတွက် ပိုပြီး အကူအညီလိုအပ်လာတယ်လို့ တက်ရောက်လာသူတွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပြီးခဲ့တဲ့နှစ်တွေကစပြီး နိုင်ငံတကာ အကူအညီတွေရရှိမှု ကျဆင်းလာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာကို တောင်းခံထားတဲ့ ရန်ပုံငွေလိုအပ်ချက်မှာ ၅၁ ရာခိုင်နှုန်းပဲ လက်ခံရရှိခဲ့တယ်လို့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Masud Bin Momen က ပြောပါတယ်။

“အခု ၂၀၂၄ ခုနှစ် ပူးတွဲတုံ့ပြန်မှုအစီအစဉ်ရဲ့ ပထမဦးဆုံး မဟာဗျူဟာရည်မှန်းချက်က ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံ နေရပ်ပြန်ရေးဆိုတာ တွေ့ရတာကို ကျေနပ်မိပါတယ်။ တကယ်တော့ ရိုဟင်ဂျာဒုက္ခသည်တွေ ကော့ဇ် ဘဇားမှာ ပိုပြီး ကြာရှည်လာတာနဲ့အမျှ လူမှုသဟဇာတရှိမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ သက်ရှိဟန်ချက်ညီမှု၊ စီးပွားရေးအားကောင်းမှုနဲ့ နိုင်ငံရေး တည်ငြိမ်မှုတွေကို ခြိမ်းခြောက်လာနေပါတယ်။ မျှော်လင့်ချက်မဲ့မှုကြောင့်လူငယ်တွေကြားမှာလည်း အစွန်းရောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကနေ ဒီ ခြိမ်းခြောက်မှုတွေဖြစ်လာတာပါ။ ဒါဟာ ဒေသတွင်းတည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဒီ အကျပ်အတည်းကို ဖြေရှင်းဖို့ ပထမဆုံး ဦးစားပေးအဆင့်က ဒုက္ခသည်တွေ နေရပ်ပြန်ရေးပါ။”

ဒုက္ခသည်စခန်းတွေအတွင်း ရာဇဝတ်ဂိုဏ်းဖွဲ့လှုပ်ရှားမှုတွေနဲ့ မတည်မငြိမ်ဖြစ်လာတဲ့အခြေအနေတွေကိုလည်း တက်ရောက်လာသူတွေက ဆွေးနွေးပါတယ်။ ဒါကြောင့်လည်း အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြုံတွေ့နေရတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ဝိုင်းဝန်းအဖြေရှာဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က တိုက်တွန်းပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က ရခိုင်ပြည်နယ်တွင်း ကြုံတွေ့ခဲ့ရတဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ တသန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြရပြီး သူတို့ကို နေရပ်ပြန်ပို့ရေးအတွက် ကုလသမဂ္ဂရော ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ တောက်လျှောက်ကြိုးပမ်းနေတာပါ။

တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေး ကနဦးအစီအစဉ်တရပ်ကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် အခု မြန်မာပြည်တွင်းအခြေအနေတွေကြောင့် ဒီ အစီအစဉ်တွေနှောင့်နှေးကုန်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဆယ်စုနှစ်တခုကြာ ဒုက္ခသည်တွေကို လက်ခံထားပြီး နောက်ဆက်တွဲ လုံခြုံရေးစိန်ခေါ်ချက်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်ချက်တွေကိုပါ ရင်ဆိုင်နေရတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရင်ဆိုင်နေရတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းမျှဝေယူဖို့ အထူးသဖြင့် အခုနှစ်အတွက် လျာထားတဲ့ရန်ပုံငွေ ဒေါ်လာ သန်း ၈၅၀ ကျော်ပြည့်မီအောင် အကူအညီပေးကြဖို့ကိုလည်း ကုလ မဟာမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီရေးတုံ့ပြန်မှုတွေ ကျဆင်းလာတာကိုလည်း ကုလမဟာမင်းကြီးက သတိပေးခဲ့ပါတယ်။ တချိန်တည်းမှာ ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေးဟာ အရေးအကြီးဆုံးတခုဖြစ်တယ်ဆိုတာကိုလည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက ပြောပါတယ်။

“အရေးကြီးဆုံးရှိနေတဲ့ အကြောင်းတရားကတော့ မြန်မာနိုင်ငံပါပဲ။ ဒုက္ခသည်တွေအနေနဲ့ လိုလိုလားလားနဲ့ ဘေးကင်းလုံခြုံစွာ မြန်မာအနောက်ခြမ်း ရခိုင်ပြည်နယ်က သူတို့နေရပ် ပြန်နိုင်‌ရေးဟာ အရေးအကြီးဆုံးအဖြေပါပဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ဒီအမြင်ကို ကျနော် လုံးဝသဘောတူပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ကျနော်တို့လိုပဲ မြန်မာပြည်က အခြေအနေတွေကို စောင့်ကြည့်နေတာပါ။ အခုအခြေအနေမှာတော့ လုံခြုံရေးအခြေအနေက ဆိုးဝါးနေတယ်လို့ မြင်ကြပါတယ်။ ပြီးခဲ့တဲ့လေးလအတွင်းမှာဆိုရင်ပဲ မြန်မာနိုင်ငံတွင်း ပြည်တွင်းတိမ်းရှောင်နေရတဲ့ ဒုက္ခသည်အရေအတွက်က တသန်းအထိကို တိုးသွားတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်တွေကိုတင်မကဘဲ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေကြားက တခြားလူမျိုးစုတွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးကြရတာကိုလည်း နယ်စပ်လမ်းတွေဖွင့်ပြီး ကူညီကြဖို့ ကုလ မဟာမင်းကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အခု နိုင်ငံတကာကို တောင်းခံထားတဲ့ အကူအညီဒေါ်လာ သန်း ၈၅၀ ကျော်ကိုတော့ ကော့ဇ် ဘဇားနဲ့ ဘာဆန်ချားကျွန်းပေါ်မှာရှိနေကြတဲ့ ဒုက္ခသည် တသန်းဝန်းကျင်နဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်လူမှုအသိုက်အဝန်းက လူဦးရေသုံးသိန်းခွဲအတွက် ထောက်ပံ့ကူညီဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အလုပ်အအကိုင်အခွင့်အလမ်းဖန်တီးမှုတို့အတွက် အသုံးပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအားဖြင့်ဆိုရင် ရိုဟင်ဂျာမိသားစု ၉၅ ရာခိုင်နှန်းလောက်ဟာ လူသားချင်းစာနာမှုအကူအညီတွေအပေါ်မှာ လုံးဝမှီခိုနေရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ ဒုက္ခသည်အရေအတွက်ရဲ့ တဝက်ကျော်ဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြတာကြောင့် နိုင်ငံတကာအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ အလုပ်အကိုင်အခွင့်အလမ်းမျိုးတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း ကုလသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG