သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ဝေလမင်းသမီး ကက်သရင်း ကင်ဆာရောဂါကုသမှု ခံယူနေရ


ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း။
ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း။

ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း (အရင်အမည် ကက်သရင်း မစ်ဒယ်လတန်)က သူ ကင်ဆာရောဂါ ခံစားနေရပြီး ကနဦးကုသမှု စတင်လုပ်ဆောင်နေကြောင်း သူတို့ မိသားစုနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။ ဒီသတင်းဟာ သူ့ရဲ့ ယောက္ခမဖြစ်သူ တတိယမြောက် ချားလ်စ်ဘုရင်လည်း ကင်ဆာကုသမှု ခံယူနေချိန်မှာ ထွက်လာခဲ့တာပါ။

ဒီကြေညာချက် ထွက်လာချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် (Rishi Sunak)ကလည်း သူဟာ တော်ဝင်မိသားစုနဲ့ အတူရပ်တည်နေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပြီး “ဒီ ဗီဒီယိုသတင်းစကားက မင်းသမီးကိတ်ရဲ့ ရဲရင့်မှုကို ပြသခဲ့တာ" လို့ ပြောပါတယ်။

မင်းသမီး ကက်သရင်းဟာ သူ ဘယ်လို ကင်ဆာရောဂါ အမျိုးအစား ခံစားနေရလဲ ဆိုတာကိုတော့ အတိအကျ မထုတ်ပြန်ပါဘူး။ ဒါပေမယ့် မင်းသမီး ကက်သရင်း အပြည့်အဝပြန်လည် ကျန်းမာလာဖို့ ယုံကြည်ကြောင်း ကန်ဆင်တန်နန်းတော်က ပြောပါတယ်။ သူဟာ ဇန်နဝါရီလတုန်းက ဝမ်းဗိုက်ခွဲစိတ်မှုတခု ပြုလုပ်ခဲ့ရပြီး ဒါဟာ အခု ကင်ဆာရောဂါနဲ့ ဆက်စပ်မှု ရှိ၊ မရှိ အတိအကျ မသိရပါဘူး။

"အကြီးစားခွဲစိတ်မှုကနေ နာလံပြန်ထူနိုင်ဖို့ အချိန်ယူရလို့ ကုသမှု စတင်နိုင်ဖို့ အတွက် အချိန်စောင့်ခဲ့ရတယ်" လို့ ဝန်ဆာ နန်းတော် မှာ ဗုဒ္ဓဟူးနေ့က ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ အသက် ၄၂ နှစ်အရွယ် ကက်သရင်း မင်းသမီးက ပြောပါတယ်။

ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် ခွဲစိတ်မှု အပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ကင်ဆာရောဂါရှိနေပြီဆိုတာကို သိခဲ့ရကြောင်းနဲ့ သူ့ရဲ့ ဆရာဝန်အဖွဲ့က Chemotherapy လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ ကုသသင့်တယ်လို့ အကြံပေးခဲ့လို့ ဖေဖော်ဝါရီနှောင်းပိုင်းက စတင် ကုသနေပြီး အခု ကုသမှုရဲ့ အစောပိုင်းအဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း မင်းသမီး ကက်ကရင်းက ပြောပါတယ်။

ကက်သရင်းက မယုံနိုင်လောက်အောင် ခက်ခဲတဲ့ နှစ်လတာကို ဖြတ်သန်းခဲ့ပြီး "အင်မတန် တုန်လှုပ်ခြောက်ခြား" ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အကောင်းမြင်တဲ့ သတင်းစကားတွေ ပြောထားပြီး "တနေ့ထက် တနေ့ ကျန်းမာလာနေပြီ" လို့ ပြောပါတယ်။

ရောဂါဖြစ်ကတည်း ကင်ဆာဝေဒနာ ခံစားခဲ့ရသူတွေ အကြောင်းလည်း တွေးနေခဲ့ပြီး "ဒီရောဂါကို ရင်ဆိုင်နေရတဲ့ လူတိုင်းအတွက် ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ယုံကြည်မှုတွေ မဆုံးရှုံးဖို့နဲ့ “တယောက်တည်း ဒီရောဂါ ခံစားနေရတာ” မဟုတ်ကြောင်းလည်း သူက အားပေးစကား ပြောထားပါတယ်။

ဝီလျံမင်းသားနဲ့ အတူ ငယ်ရွယ်သေးတဲ့ ကလေးတွေနဲ့ မိသားစုအတွက် ကိုယ့်ဘာသာပဲ သီးသန့်စီမံနိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးတွေကို ရောဂါ အကြောင်း သေချာ ရှင်းပြနိုင်ဖို့ အချိန်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ကက်သရင်းနဲ့ မင်းသားဝီလျံတို့ဟာ ရှေ့အပတ်မှာ ကျရောက်မယ့် အီစတာတနင်္ဂနွေပွဲကို တော်ဝင်မိသားစုနဲ့ အတူ တက်ရောက်နိုင်ဖို့ မရှိသလို မင်းသမီးကက်သရင်းဟာ ရောဂါဝေဒနာ ပျောက်ကင်းချိန်ကျမှသာ တော်ဝင် မိသားစု တာဝန်တွေကို ပြန်လည် ထမ်းဆောင်ဖို့ မျှော်လင့်ရပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းက အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ဖို့ မင်းသားဝီလျံ ရုတ်တရက် ပျက်ကွက်ခဲ့တာက ကက်သရင်းရဲ့ ကင်ဆာရောဂါရှာဖွေတွေ့ရှိမှုကြောင့် ဖြစ်ကြောင်း နန်းတော်က သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG