ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်း အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ နှစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါလာသူ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ခိုးသွင်းမှုနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
နှစ်မြုပ်သွားတဲ့ စက်လှေပေါ်မှာ အသက်ရှင်ကျန်ရစ်သူ ၆၉ ဦးကို အာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့သလို အဲဒီမတိုင်ခင် ၁ ရက်အလိုကလည်း တခြား ၆ ဦးကို အနီးဝန်းကျင်မှာရှိနေတဲ့ တံငါသည်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ လူ ၁၅၀ လောက် ပါလာတယ်လို့ ယူဆရတဲ့ အဲဒီ စက်လှေပေါ်မှာ ပါလာသူတွေထဲက သေဆုံးသွားသူ ၁၆ လောင်းကိုလည်း ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
စက်လှေပေါ်ပါလာတဲ့ ကြားပွဲစားလို့ယူဆရသူ ၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ သူတို့ကို ဖမ်းဆီး ထိန်းသိမ်းလိုက်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။ ၄ ဦးမြောက်လူကတော့ ကျန် ၃ ဦးကို စစ်ဆေး မေးမြန်းပြီးတဲ့နောက်မှာ ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။
ဒီ အင်ဒိုနီးရှားနိုင်ငံသား လူမှောင်ခို ပွဲစားတွေဟာ ဘင်္ဂလားဒေ့ရှ်ကထွက်လာပြီး အာချေး ကမ်းလွန်ပင်လယ်ပြင်မှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို ကမ်းပေါ်ခေါ်လာပြီး မလေးရှားကို ပို့ပေးဖို့ စီစဉ်ထားတာလို့ ဆိုပါတယ်။
Sabang ကျွန်းမှာ ရိုဟင်ဂျာတွေကို သွားခေါ်လာပြီးတဲ့နောက် သူတို့ကို ထရပ်ကားနဲ့ ဆူမားထရားကျွန်းကိုဖြတ်ပြီး မလေးရှားနယ်စပ်ကို သယ်ဆောင်သွားဖို့ စီစဉ်ထားကြတာလို့ အာချေးဒေသ အနောက်ပိုင်း ရဲမှူးကြီး Andi Kirana က သတင်းစာရှာင်းလင်းပွဲမှာ ပြောပါတယ်။ အဖမ်းခံရသူတဦးရဲ့ အဆိုအရ မလေးရှားက ပွဲစားထံကနေ ရိုဟင်ဂျာတယောက်ကို ၃၁၄ ဒေါ်လာနဲ့ညီမျှတဲ့ အင်ဒိုနီးရှား ရူပီးငွေ ၅ သန်းစီ ရရှိခဲ့တယ်လို့ ရဲမှူးကြီး Kirana က ပြောပါတယ်။
Forum