သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးမှုတချို့ရှိ


အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသွားသူတဦးကို ကူညီပေးနေတဲ့ နိဗ္ဗာန်သုခအသင်း(မန္တလေး) ဧပြီ ၂၀၂၄
အပူချိန်လွန်ကဲမှုကြောင့် သေဆုံးသွားသူတဦးကို ကူညီပေးနေတဲ့ နိဗ္ဗာန်သုခအသင်း(မန္တလေး) ဧပြီ ၂၀၂၄

မြန်မာနိုင်ငံမှာ အပူဒဏ်ကို စံချိန်တင်ခံစားနေရတာကြောင့် ကျန်းမာရေး ထိခိုက်ပြီး၊ သေဆုံးသူတချို့ ရှိနေတယ်လို့ မြို့ခံတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ အပူဒဏ် အပြင်းထန်ဆုံး ခံနေရတဲ့ မြို့တွေက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် တင်ပြထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်မှာ အပူဆုံးဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ နေထိုင်မကောင်းသူတွေ၊ အသက်ဆုံးရှုံးသူတွေ ရှိနေတယ်လို့ မြို့ခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံက ချောက်မြို့ဟာ ဆိုရင်လည်း မှတ်တမ်းတင်ခဲ့တဲ့ နှစ်ပေါင်း ၅၆ နှစ်အတွင်း အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီယပ် ရှိခဲ့ပြီး အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံက အပူဆုံးနေရာတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မန္တလေးတိုင်းမှာလည်း အခုနှစ်နွေရာသီ ဧပြီလထဲ ပြင်းထန်တဲ့ အပူဒဏ်အောက်မှာ အသေအပျောက်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်းရဲ့ နေ့အပူချိန်ဟာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်ကနေ ၆ အထိ ရှိခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

နေ့အပူချိန်ကြောင့် ဝေဒနာခံနေရသူတွေကို ကူညီပေးဖို့ အရေးပေါ် ဆက်သွယ်လာတာတွေကိုလည်း မန္တလေးတိုင်းထဲက လူမှုကယ်ဆယ်ရေး အသင်းတွေ ဒီလထဲ အလျင်မီ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ပြင်းထန်တဲ့ အပူဒဏ်အောက် သေဆုံးသူဦးတွေ များလာတာ တွေ့ရတယ်လို့လည်း မဏိစလ လူမှုကူညီရေး အသင်းတာဝန်ရှိသူ တဦးက ပြောပါတယ်။

"လူငယ်တွေတောင် တခါတလေ ကျနော်တို့ကူညီရင်း လှုပ်လှုပ်ရှားရှားလုပ်ရင် ခေါင်းမူသွားတာတို့၊ ဇက်ဇက်ဇက်ဇက်နဲ့ ကိုက်သွားတဲ့ဒဏ်တွေက ကျနော်တို့ လူငယ်တွေအနေနဲ့ ကူညီတဲ့အချိန်မှာတောင် အဲလိုဖြစ်တယ်။ အခု Heat Stroke ဖြစ်တဲ့သူ တော်တော်များများ လိုက်ပို့တဲ့ဟာက အလုပ်ကြမ်းလုပ်တဲ့ သူတွေလည်း ရှိတယ်ပေါ့။ တချို့ဆို ဆီတန်းစီနေရင်း သတိလစ်ပြီး Heat Stroke ဖြစ်လို့ ဆေးရုံကို အရေးပေါ်ပို့ရတယ်။ သေသွားတဲ့သူကတော့ ရာခိုင်နှုန်းအနေနဲ့ နည်းနည်းပိုတယ်ပေါ့ဗျာ။ တချို့ကျတော့လည်း ပြန်ကောင်းသွားပါတယ်။"

အပူဒဏ်ကြောင့် လူနာတွေ တနေ့ထက်တနေ့ ပိုများလာနေပြီး အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိတာကြောင့် သတိပြုဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Heat Stroke လူနာတဦးကို အရေးပေါ် ကယ်ဆယ်ခဲ့ပေမယ့် ဆေးရုံရောက်ချိန်မှာ သေဆုံးသွားတယ်လို့ မန္တလေးအခြေစိုက် နိဗ္ဗာန်သုခအသင်း တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

ပြင်းထန်တဲ့ အပူဒဏ်ကိုတော့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ ကြုံတွေ့နေရတာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အလားတူ အပူရှိန် အလွန်အကျွန် မြင့်တက်နေတာကြောင့် ဧပြီလအတွင်းမှာတင် သေဆုံးသူ အနည်းဆုံး ၃၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အပူလှိုင်းဒဏ်ကြောင့် အိန္ဒိယနိုင်ငံတောင်ပိုင်း၊ Kerala ပြည်နယ်မှာ အသက် ၉၀ အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးတို့ မနေ့ က သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ အဲဒီ ဒေသမှာ အပူချိန်ဟာ ပုံမှန်ထက် ၅.၅ ဒီဂရီ ဆဲလ်စီးယပ် ၄၁.၉ ဒီဂရီ ဆဲလ်စီးယပ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အပူဒဏ်ပြင်းလွန်းတာကြောင့် စာသင်ကျောင်းတွေအားလုံးပိတ်ထားဖို့ တရားရုံးက မနေ့ တနင်္လာနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း တခြား အာရှနိုင်ငံတွေနည်းတူ အပူလှိုင်းဒဏ်ခံနေရတဲ့အပြင် မိုးခေါင်မှုနဲ့ပါ ကြုံနေရတာကြောင့် စိုက်ပျိုးရေးအတွက် လယ်သမားတွေ အခက်ကြုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG