သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခဲ့ကြောင်း ကရင်နီဒေသခံ တော်လှန်ရေးအဖွဲ့တွေ သတင်းထုတ်ပြန်


စစ်ရေးပြအခမ်းအနားတခုမှာတွေ့ရတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်
စစ်ရေးပြအခမ်းအနားတခုမှာတွေ့ရတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်မှာ မေလ ၆ ရက် မနက်ပိုင်းလောက်က စစ်ကောင်စီရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ဖားဆောင်းမြို့မှာ တိုက်ပွဲအပြင်းအထန် ဖြစ်နေချိန်မှာပဲ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။ ကရင်နီဒေသ လက်နက်ကိုင်ပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။

ကရင်နီဒေသ ဖားဆောင်းမြို့နယ်မှာ ဒီနေ့အစောပိုင်းက စစ်ကောင်စီရဟတ်ယာဉ် တစ်စီးကို ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပစ်ခတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စီးကို ဒီနေ့ ၁၁ နာရီဝန်းကျင်လောက်မှာ ကရင်နီတော်လှန်းရေတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ ပျက်ကျသွားတဲ့ နေရာကတော့ ဘောလခဲမြို့နယ်ထဲမှာတော့ ယူဆရပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီက များသောအားဖြင့် ရဟတ်ယာဉ်ကို ထောက်ပို့တဲ့နေရာမှာ အသုံးပြုပါတယ်ပေါ့နော်၊ ဆိုတော့ ထောက်ပို့လေယာဉ်ဖြစ်ဖို့ များပါတယ်။”

ပျက်ကျသွားတဲ့ လေယာဉ်အမျိုးအစားနဲ့ ပျက်စီးတဲ့အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ KNDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။ ရဟတ်ယာဉ်ပစ်ချခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုလို့ မရသေးသလို၊ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာလည်း မတွေ့ရသေးပါဘူး။ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူးလည်းဖြစ် ကရင်နီလူ့အခွင့်အရေးတည်ထောင်သူလည်းဖြစ်တဲ့ ကိုဗညား ကလည်း ရဟတ်ယာဉ် ပစ်ချခံခဲ့ရတဲ့သတင်း ကြားရကြောင်း အခုလို ပြောပါတယ်။

“ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်တွေကို သူတို့လာပြီးတော့မှ လေယာဉ်နဲ့လာသယ်တဲ့အချိန်မှာ ကျနော်တို့ ပစ်ချနိုင်ခဲ့တာပေါ့နော်။ လေယာဉ်မှူးဆုံးသွားတယ်ဆိုတဲ့အသံတော့ ကြားတာပေါ့၊ နောက်သူတို့လေယာဉ်ပေါ်မှာ ပါတဲ့ တချို့ ဒဏ်ရာရတဲ့တချို့ ၊ စစ်ကောင်စီတွေကိုတော့ ဘောလခဲကနေလာပြီးတော့မှ စစ်ရဟတ်ယာဉ်တွေနဲ့ လာပြီးတော့မှ ပြန်သယ်သွားတာ ဆိုတဲ့ဟာတော့ ကျနော်တို့ ကြားသိရတာရှိပါတယ်။”

ကရင်နီဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း စစ်ကာင်စီရဲ့ ရဟတ်ယာဉ် တစင်းကို တော်လှန်ရေး အင်အားစုတွက ပစ်ခတ်ခဲ့ဖူးပါတယ်။ လတ်တလောမှာတော့ ဖားဆောင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတယ်လို့လည်း KNDF ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“ဖားဆောင်းမှာက တိုက်ပွဲတွေပြင်းထန်နေတုန်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ ၁၃၄ တပ်ရယ် ၁၃၅ တပ်ကို ဒါ တော်လှန်ရေးတပ်ဖွဲ့တွေ ဝန်ရံပိတ်ဆို့ပြီးတော့မှ စစ်ဆင်းရေးလုပ်နေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဂျက်လေယာဉ်ပေါ့နော် နောက်ပြီးတော့ ထောက်ပို့လေယာဉ်ကနေ ဗုံးကြဲတာတွေ စတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဒါအသုံးပြုပါတယ်။ အထူးသဖြင့် ဒီမေလ ၄ရက်ကနေ ပြန်လည်ပြီးတော့မှ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို အဆမတန်အသုံးပြုတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတဲ့ အထဲမှာ ကရင်နီဒေသဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ပဋိပက္ခတွေကြောင့် ကရင်နီဒေသ အပါအဝင် နိုင်ငံအဝန်း နေရပ်စွန့်ခွာရသူ အရေအတွက်ဟာလည်း အခုဆိုရင် ၃ သန်းကျော်အထိ ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG