သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်


ကနီမြို့ဆိုင်းဘုတ်အနီးတွေ့ရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓာတ်ပုံ​- DRPA
ကနီမြို့ဆိုင်းဘုတ်အနီးတွေ့ရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဓာတ်ပုံ​- DRPA

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ဘက်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးဘဲ တိမ်းရှောင်နေရပါတယ်။ ကနီမြို့နယ်ထဲက အခြေအနေတွေကို ကိုစံကျော်က ပြောပြပါမယ်။

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်မှာ အခု မတ်လ ၂ ရက်ကစပြီး စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ရေးတင်းမာနေတာပါ။ အဲ့ဒီနောက် မတ်လအလယ်လောက်ကစလို့ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာမရှိတော့ပါဘူး။ တိုက်ပွဲဖြစ်တာတွေမရှိတော့ပေမဲ့ စစ်တပ်ဟာ ကနီမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၁၉ ရက် မနက် ၁ နာရီကျော်မှာလည်း ကနီမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဒီနေ့မနက်ပိုင်း ၁ နာရီကျော်နဲ့ ၂ နာရီကျော်မှာ ကနီမြို့နယ် တောင်ကိုးလုံးရွာရယ် အုန်းမရွာရယ် နတ်ကြီးရွာရယ်ကို အဓိကအားဖြင့် မီးလောင်ဗုံးကြဲတယ်။ လေယာဉ်နဲ့ပေါ့ဗျာ။ ဂျက်ဖိုက်တာကော Y12 ကော ၂ မျိုးနဲ့ ပတ်ပြီးတော့ ဗုံးတွေလိုက်ကြဲတာပဲ။ တိုက်ပွဲဖြစ်နေလို့မဟုတ်ဘဲနဲ့ သူ့ဟာနဲ့သူ စစ်ရေးဇုန်လည်းမဟုတ်ဘူး ပြည်သူတွေအေးအေးချမ်းချမ်း နေနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လာရောက်ပစ်ခတ်တာမျိုးခင်ဗျ။ လတ်တလော မြို့ပေါ်မှာ တိုက်ပွဲတော့မရှိဘူး။ မြို့ရဲ့အနီးနားမှာတော့ မနေ့ကအထိ အပြန်အလှန် ထိတွေ့တိုက်ပွဲတွေရှိတယ်လို့ သိရတယ်။ မြို့ပေါ်မှာတော့ တိုက်ပွဲမရှိဘူး။ အဓိက ဖြစ်နိုင်ခြေများတာက မြို့ရဲ့ အနီးနားတွေနဲ့ သူတို့ ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုတဲ့ ထင်တဲ့နေရာတွေကို လိုက်ပြီးတော့ ပစ်နေတဲ့ ပုံစံမျိုးတော့ ကျွန်တော်တို့ တွေ့ရတယ်။”

လေကြောင်းက ပစ်ခတ်တာကြောင့် လူထိခိုက်သေဆုံးတာမရှိပေမဲ့ တောင်ကိုးလုံးရွာနဲ့နတ်ကြီးရွာတို့က နေအိမ်အချို့မီးလောင်ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေမရှိတော့ပေမဲ့ အခုလို လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။ နေ့စဉ်လိုလို လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် စိုးရိမ်နေရတယ်လို့ ကနီဒေသခံတဦးက အခုလို ပြောပါတယ်။

“ဟုတ်တယ် ပြန်လို့မရသေးတာ လေယာဉ်က တောက်လျှောက်ပစ်နေတာ။ Y12 ညကော မနက်ခင်းကို အမြဲတမ်းပတ်နေတာ။ စစ်ရှောင်တွေကို အများကြီးပဲ ညောင်ပင်ဝန် ၊ မင်းကုန်း ၊ တဇယ်ချောင် ၊ ပန်းဆိုင်း ၊ ငါးဖျက် ၊ မုဌော ။ နတ်ကြီးလည်း အကုန်ပြေးတယ်လေ လေယာဉ်ကပစ်တော့။ တိုက်ပွဲက မရှိဘူး။ လေယာဉ်တွေက ပတ် လေယာဉ်တွေက ပစ် ကြောက်လို့မို့လို့”

မြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က ကနီမြို့ပေါ်နဲ့ မြို့အနီးနားက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တော်တော်များများ မီးလောင်ကျွမ်းခဲ့သလို အရပ်သား သေဆုံးတာတွေလည်း ရှိခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။စစ်ဘေးတိမ်းရှောင်ရတာ ရက် ၂၀ နီးပါး ရှိလာပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG