သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIC အယ်ဒီတာချုပ် နန်းဖော့ဂေ WAN-IFRA သတင်းဆုရရှိ


ကရင်သတင်းဌာန (KIC) ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေ
ကရင်သတင်းဌာန (KIC) ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေ

သတင်းမီဒီယာလောကမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆုဖြစ်တဲ့ ၂၀၂၄ ခုနှစ်အတွက် Women in News Editorial Leadership Award ကို အရှေ့တောင်အာရှကိုယ်စားကိုယ်စားပြုပြီး ကရင်သတင်းဌာန (KIC)က ဒါရိုက်တာနဲ့ အယ်ဒီတာချုပ်တာဝန်ထမ်းဆောင်နေတဲ့ နန်းဖော့ဂေရရှိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ်မှာ ဆယ်စုနှစ်ပေါင်း ၂ခုကျော်ကြာ သတင်းလုပ်ငန်းတွေကိုလုပ်ကိုင်နေတဲ့ ကရင်သတင်းဌာနက ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေဟာ သတင်းမီဒီယာလောကမှာ အဓိက ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ချီးမြှင့်တဲ့ ဆုတစ်ခုဖြစ်တဲ့ WAN-IFRA WIN ဆုဖြစ်တဲ့ Women in News Editorial Leadership Awardရရှိခဲ့ပါတယ်။ ဒီဆုရရှိကြောင်းမေလ ၁၄ရက်နေ့ကထုတ်ပြန်တာဖြစ်ပြီး သူမနဲ့အတူ Al Jazeera သတင်းဌာနက ဒါရိုက်တာ Dima Khatib နဲ့ အာဖရိ The Guardian သတင်းဌာနကအယ်ဒီတာ Beatrice Bandawe တို့လည်း ဆုချီးမြှင့်ခံရပါတယ်။

သတင်းမီဒီယာလုပ်ငန်းကို ၂၀၀၀ခုနှစ်ကနေ စတင်လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ အယ်ဒီတာချုပ်တာဝန်ကိုထမ်းဆောင်ခဲ့တဲ့ နန်းဖော့ဂေကတော့ ဒီဆုရရှိမှုဟာ သူမအတွက် ဘယ်လောက်ထိခွန်အားတွေဖြစ်စေခဲ့သလဲဆိုတာကိုလည်း VOAကိုပြောပြပါတယ်။

"မီဒီယာလုပ်ငန်းဆိုတာက စိတ်ဖိစီးမှုရှိတဲ့အလုပ်တခုဖြစ်တယ်ပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော ဖိစီးးမှုရှိတဲ့အလုပ်တခုပါ။ ပြောရမယ်ဆိုရင် ခွန်အားမရတဲ့ လုပ်ငန်းတခုပေါ့နော်၊ ပြောရမယ်ဆိုရင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ သတင်းရယူဖို့ကပိုခက်တယ်၊ နောက်ပြီးတော့လည်း သတင်းလုပ်ငန်းတစုံလုံး ရေရှည်သွားနိုင်ဖို့ကလည်း စိန်ခေါ်မူတွေရှိတယ်။ သို့သော်လည်းစိန်ခေါ်မှုတွေကြားက ဆက်လုပ်နေရတဲ့အပေါ်မှာ ဒီဆုကို ရတဲ့အတွက် အသိမှတ်ပြုတဲ့ဆုကိုရတဲ့အတွက်လည်း ပထမအဆင့်က စိတ်ခွန်အားတွေရပါတယ် ။ဒီစိတ်ခွန်အားက ကျမတယောက်ထဲမဟုတ်ပဲ တကယ်လွတ်လပ်တဲ့ မီဒီယာတွေမှာလုပ်နေတဲ့ အမျိုးသမီးသတင်းသမားတွေအားလုံးအတွက် စိတ်ခွန်အားတွေ ဖြစ်စေပါတယ် လို့ကျမအနေနဲ့ယုံကြည်ပါတယ်"

မီဒီယာလောကရဲ့စံနမူနာသာမက သက်ဆိုင်ရာ နိုင်ငံတွေအတွက် အပြုသဘောဆောင်တဲ့အပြောင်းအလဲများကို လှုံ့ဆော်ပေးနိုင်ဖို့ရည်ရွယ်ပြီးပေးတဲ့ဒီဆုဟာ သတင်းမီဒီယာသမားတွေ သတင်းမီဒီယာလုပ်ငန်းတွေ ဖိနှိပ်ခံနေရတဲ့ အာဖရိက၊ အာရပ်နဲ့ အရှေ့တောင်အာရှက သတင်းသမားတွေကို အဓိကချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ သတင်းမီဒီယာတွေ ဖိနှိပ်ခံနေရတဲ့မြန်မာနိုင်ငံမှာ သတင်းသမားတိုင်းအတွက်အခက်အခဲတွေရှိနေသလို အမျိုးသမီးသတင်းသမားတွေအတွက် လုံခြုံမူအခက်အခဲတွေကိုပါရင်ဆိုင်နေရတာပါ။ ဒီအတွက် သတင်းသမားတွေရဲ့အယ်ဒီတာချုပ်ဖြစ်တဲ့ နန်းဖော့ဂေဟာ သူရဲ့သတင်းဌာနကိုဘယ်လို့ဦးဆောင်မူတွေပေးခဲ့ရသလဲဆိုတာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

"ကိုယ့်ရဲ့သတင်းဌာနက ထွက်ရှိလာတဲ့သတင်းတိုင်းက သတင်းကျင့်ဝတ်နဲ့ညီဖို့က သတင်းအခန်းမှာအမြဲတမ်း နှိုးဆော်တယ်သတိပေးတယ်၊ အသိပေးတယ်။ သတင်းခန်းမှာဦးဆောင်တဲ့ အယ်ဒီတာတွေကို လည်းအသိပေးတယ်။ သတင်းကျင့်ဝတ်နဲ့ညီအောင်ပေါ့၊ သတင်းတင်ဆက်မှုအပိုင်းမှာလည်း တဦးတယောက်ဖြစ်စေ Radio Team၊ Video Team တွေဖြစ်စေ အရေးသမားပိုင်းဖြစ်စေ သတင်းဆက်သွယ်တဲ့အခါမှာ အာဏာသိမ်းပြီးနောက်မှာ ပြောဆိုပေးတဲ့သတင်းရင်းမြစ်တွေကရှားသွားတယ်။ အရမ်းနည်းသွားတယ်၊အဲဒီတော့ ဆက်သွယ်ရခက်ခဲတာတွေ မြေပြင်သတင်းထောက်တွေရဲ့ ဆက်သွယ်ရေးသွားလာမူတွေ ခက်ခဲတာတွေစိန်ခေါ်မူတွေရှိတယ်၊ လုံခြုံရေးအရပေါ့ ။ အမြဲတမ်း အယ်ဒီတာအဖွဲ့ သတင်းတွေမေးတယ် ၊ကျမအနေနဲ့ သက်ဆိုင်ရာနယ်မြေအတွင်းမှာရှိတဲ့အစုအဖွဲ့တွေနဲ့ ကြိုတင်ဆက်သွယ်ပြီး လုပ်ဆောင်တာ လမ်းညွှန်ပေးတာတွေရှိတယ်၊ ဒါမှလည်းသတင်းရယူတဲ့အခါကြုံတွေ့ရမယ့်အခက်အခဲတွေကို တစုံတရာကိုအကာအကွယ်အထောက်အပံ့ဖြစ်စေတာပေါ့နော်"

WAN-IFRA WINအနေနဲ့ဒီလိုဆုကို ပေးအပ်ချီးမြှင့်ခဲ့တာဟာ (၁၀)နှစ်ပြည့်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။နန်းဖော့ဂေဟာအရှေ့တောင်အာရှကိုယ်စားပြုပြီးဆုရရှိခဲ့တာဖြစ်ပါတယ်။

ကရင်သတင်းဌာနကနန်းဖော့ဂေရရှိတာဟာ သတင်းထောက်များ အတွက် သတင်းခန်းလုံခြုံမှုနဲ့ သတင်းလွတ်လပ်ခွင့်ထိန်းသိမ်းဖို့ ကြိုးပမ်းတာ ၊ မြန်မာနိုင်ငံရှိတိုင်းရင်းသား မီဒီယာများရဲ့မီဒီယာဆိုင်ရာ စံနှုန်းမြှင့်တင်ရေးမှာ အထောက်အကူပေးခဲ့တာကြောင့် WAN-IFRA WIN ကဆိုပါတယ်။

နန်းဖော့ဂေဟာ နိုင်ငံတကာမြန်မာ့သတင်း-BNIမှာ လည်း Development officer, Executive director နဲ့မူဝါဒရေးရာကော်မတီ ဥက္ကဋ္ဌတာဝန်များကို ထမ်းဆောင်ခဲ့သလို ၂၀၂၃ ဒီဇင်ဘာလမှာဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM ရဲ့ ဥက္ကဌအဖြစ်လည်း ရွေးကောက်ခံခဲ့ရပြီး မီဒီယာလုပ်ငန်းတွေကို တစိုက်မတ်မတ်လုပ်ဆောင်နေသူတဦးဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG