သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ မှားယွင်း ပစ်ခတ်မှုကြောင့် အစ္စရေးစစ်သား ၅ ဦး သေ


ဂါဇာဒေသမှာ တွေ့ရတဲ့ အစ္စရေးစစ်သားများ (မေ ၁၆၊ ၂၀၂၄)
ဂါဇာဒေသမှာ တွေ့ရတဲ့ အစ္စရေးစစ်သားများ (မေ ၁၆၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ဒုက္ခသည်စခန်း စစ်ဆင်ရေးအတွင်း အစ္စရေးတင့်ကား ၂ စင်းက မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေး စစ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားပါတယ်။ ဗုဒ္ဓဟူးနေ့ညက စစ်သားတွေ ဝင်ရောက်နေတဲ့ အဆောက်အဦကို အစ္စရေးတင့်ကားတွေကနေ ပစ်ခတ်တဲ့ကျည်မှန်ပြီး ၇ ယောက်လည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့လည်း ပြောပါတယ်။ ဂါဇာမြောက်ပိုင်းမှာ Hamas စစ်သွေးကြွတွေက သူတို့ရဲ့ စစ်ရေးအင်အားကို ပြန်လည်တည်ဆောက်နေတယ်လို့ အစ္စရေးစစ်တပ်က သတိပေးခဲ့ပြီးနောက် တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်နေတာပါ။

တချိန်ထဲမှာပဲ ဂါဇာကမ်းခြေမှာ အမေရိကန်စစ်တပ်ဆောက်လုပ်နေတဲ့ ယာယီဆိပ်ကမ်းပြီးစီးသွားပြီလို့ အမေရိကန်စစ်တပ်က ပြောတာမို့ ဂါဇာကမ်းမြောင်ဒေသထဲကို လူသားချင်းစာနာတဲ့ အကူအညီတွေ လမ်းကြောင်းသစ်နဲ့ ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းတွေအတွင်း ရိက္ခာတင် ကုန်ကားတွေ ဆိပ်ကမ်းကို သွားနိုင်မယ်လို့ ခန့်မှန်းပြီး သင်္ဘောနဲ့တင်ဆောင်လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို လက်ခံယူတာနဲ့ ဖြန့်ဝေတာကို ကုလသမဂ္ဂက ကြီးကြပ်မှာဖြစ်တယ်လို့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် ကွပ်ကဲရေးဌာနက ပြောကြားခဲ့ပါတယ်။

အစ္စရေးတို့ပိတ်ဆို့ စစ်ဆင်နေတဲ့ ဂါဇာကမ်းမြောင်ဒေသထဲက ပါလက်စတိုင်းပြည်သူတွေ အကူအညီတွေအလွန်အမင်းလိုအပ်နေတာမို့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးနိုင်မယ့် နောက်ထပ်လမ်းကြောင်းတွေ လိုအပ်နေသေးတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ Hamas စစ်သွေးကြွေတွေအပေါ် အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်မှုနဲ့ပတ်သက်လို့ အရေးပေါ် ကြားနားပွဲတခုကို ကုလသမဂ္ဂရဲ့ ရာဇဝတ်တရားရုံး ICJ မှာ ဒီနေ့ ကြားနာမှာဖြစ်ပါတယ်။ အစ္စရေးတို့ရဲ့ စစ်ဆင်မှုဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရာ ရောက်နေတာမို့ Rafah မြို့အပေါ် ထိုးစစ်ဆင်မှု ရပ်အောင် အရေးပေါ်ဆုံးဖြတ်ချက်ချပေးဖို့ တောင်းဆိုထားတဲ့ တောင်အာဖရိကနိုင်ငံဘက်က လျှောက်ထားချက်ကို ဒီနေ့ ICJ တရားရုံးမှာ ကြားနာမှာဖြစ်ပါတယ်။

Forum

XS
SM
MD
LG