သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အိမ် လေလံဈေးပြင်ဖို့ ဦးအောင်ဆန်းဦးကြိုးစား


ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)

နှစ်ရှည်အကျဥ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးကသတ်မှတ်ပေးတဲ့ ဈေးနှုန်းကို ပြင်ဆင်ပေးဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။

လေလံတင်စျေးနှုန်းပြင်ဆင်ဖို့ လျှောက်လဲချက်ကို ဦးအောင်ဆန်းဦးရှေ့နေတွေက မေလ ၁၆ ရက်နေ့တုန်းက တရားရုံးကို တင်သွင်းခဲ့ပေမဲ့ တရားမမှုတွေရဲ့ ထုံးစံနဲ့ မညီဘဲ တင်သွင်းခဲ့တယ်လို့ ဆိုပြီး တရားရုံးက ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

တရားရုံးသတ်မှတ်ထားတဲ့ နှုန်းထက် တိုးမလား လျော့မလားဆိုတာကို အတိအကျ မသိရသေးပေမဲ့ သတ်မှတ်ထားတဲ့နှုန်းထက် လျှော့ချပြီး ထပ်မံလေလံပစ်ပေးဖို့ ဦးအောင်ဆန်းဦးဘက်က တောင်းဆိုမည့် အလားအလာများတယ်လို့ နီးစပ်သူတွေက ခန့်မှန်းပါတယ်။

ရန်ကုန်မြို့က ခြံနံပတ် ၅၄ လို့ ကျော်ကြားတဲ့ ဒေါ်အောင်ဆန်းစုကြည် နေထိုင်တဲ့အိမ်ကို ကျပ်ငွေ ပေါင်း ၃၁၅ ဘီလီယံနဲ့ လေလံတင်ရောင်းချဖို့ ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ကမာရွတ်တရားရုံးက အမိန့်ချမှတ်ထားတာပါ။ မတ်လ ၂၀ ရက်နေ့မှာ စတင် လေလံတင်ရောင်းချခဲ့ပေမဲ့ လေလံပစ်သူ တဦးမှ မရှိခဲ့ပါဘူး။ နောက်တကြိမ် လေလံတင်ရောင်းချမယ့်ရက်ကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။

ကမာရွတ်မြို့နယ် တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ နည်းလမ်းတကျ ဆောင်ရွက်ခဲ့တာ မဟုတ်တဲ့အတွက် ပြင်ဆင်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။ ဒါကို ဦးအောင်ဆန်းဦးရှေ့နေတွေက တရားရုံးအမိန့်အတိုင်း ဆက်ပြီးဆောင်ရွက်ဖို့အပြင် လေလံတင် သတ်မှတ် စျေးနှုန်းကိုပါ ပြင်ဆင်သတ်မှတ်ပေးဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ လာမည့် မေလ ၂၃ ရက်နေ့ ရုံးချိန်မှာ တရားရုံးသတ်မှတ်ချက်နဲ့အညီ ဒီလျှောက်လှဲချက်အသစ်ကို ပြန်ပြီးတင်သွင်းဖို့ ရှိတယ်လို့ တရားရုံးအသိုင်းအဝိုင်းနီးစပ်သူတွေကပြောပါတယ်။

နောက်တဆင့်အနေနဲ့ နှစ်ဖက်တင်သွင်းချက်တွေအပေါ် တရားရုံးဘက်ကထပ်မံ ရက်ချိန်းယူကြားနာ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

နောက်ခံအချက်အလက်များ --

၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာမှာ၊ အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး ပြိုပျက်နေတဲ့ အိမ်အသေးကိုရလို့ ဦးအောင်ဆန်းဦးက ရတဲ့အပေါ် မကျေမနပ်ဖြစ်ပြီး အိမ်ကိုလေလံတင်ခွဲ ယူမယ်ဖို့ တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။ဒီလို တရားစွဲ လျှောက်ထားခဲ့တာကို တရားရုံး အဆင့်ဆင့်က လက်မခံ၊ ပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ ခုနှစ်မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ၂ဝ၁၉ ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူးလျှောက်လွှာ တင်သွင်းခဲ့ရာမှာ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ ခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာပြန်လည်အမိန့်ချခဲ့ပါတယ်။ အဲဒီလို အမိန့်ချခဲ့တာကြောင့် ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံဆွဲဖို့ ကမာရွတ်တရားရုံးကအမိန့်ချခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG