သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်ခဲ့ကြောင်း KIA ကြေညာ


KIA တပ်ဖွဲ့ဝင်များ
KIA တပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ် လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ဒီသီတင်းပတ်ကုန်က ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ကပြောပါတယ်။ တချိန်တည်းမှာပဲ ဝိုင်းမော်မြို့မှာ စစ်ရေးတင်းမာနေပြီး၊ ပူတာအို၊ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

ဗန်းမော်- မြစ်ကြီးနား ကားလမ်း၊ လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုလောက်ကို ပြီးခဲ့တဲ့ စနေနေ့ မနက်က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ တပ်စခန်း ကြီး၊ငယ် ၈ခုလောက်ကို သိမ်းယူခဲ့တာပါ။

တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်မှာတော့ တပ်စခန်း ၂ ခု ထပ်မံ သိမ်းယူခဲ့ပြီး ရွှေညောင်ပင် အခြေစိုက် ခမရ ၃၂၁ တပ်စခန်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

“ လိုင်ဇာ- ဝိုင်းမော် ကားလမ်းတကြောမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ မနေ့ည သန်းခေါင်ယံလောက်မှာ ဝိုင်းမော်နားက ခါးရှီရွာမှာ စကစတွေ ခိုအောင်းနေတဲ့နေရာတွေကိုတော့ ရှင်းလင်းလိုက်ပြီ။နောက် ဒဘတ်ယန် တံတားဦးမှာ တပ်စွဲထားတဲ့ ကဇူးစခန်းကိုလည်း မနေ့က ၁၁နာရီကျော်အချိန်မှာ အကုန်လုံး သိမ်းပိုက်လို့ ရပါပြီ။ အခုက ၃၂၁ ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိပါတယ်ခင်ဗျ။ အဲဒါကတော့ ရွှေညောင်ပင် ဟုတ်တယ်။”

စစ်ကောင်စီရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာရှိသလို လေကြောင်းကလည်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ဒီတိုက်ပွဲတွေဟာ ၁၈ရက်နေ့က စတိုက်တာဖြစ်ပြီး ဒီ ၃ရက်အတွင်းမှာ အဓိက စခန်းကြီးတွေဖြစ်တဲ့ ဝထောင်ဘွမ်၊ ချေအင်အူဂေါင်၊ ကဇူး၊ လုံဇက်ဘွမ်အပါအဝင် အောင်မြေ၁၊ အောင်မြေ ၂၊ ခါးရှီ စတဲ့ စခန်းငယ်တွေပါဆို စခန်း ၁၀ခုခန့်ရှိကြောင်း ဆက်ပြောပါတယ်။

ဝိုင်းမော်ဒေသခံတဦးကတော့ KIA တနင်္ဂနွေညက သိမ်းယူခဲ့တဲ့ ခါးရှီရွာဟာ ဝိုင်းမော်မြို့နဲ့ ၂မိုင်ခန့်အကွာမှာရှိနေသလို ဝိုင်းမော်ဒေသခံတွေဟာ တိမ်းရှောင်ဖို့ ပြင်ဆင်တာတွေ ရှိနေကြောင်း ပြောပါတယ်။

“ မြစ်ကြီးနား- ဗန်းမော်လမ်းက ဗန်းမော်က နေ တက်ခဲ့ရင် ဝိုင်းမော်မြို့အဝင် ခါးရှီရွာကို ရောက်နေပြီ ။ အဲဒါ အလွန်ဆုံးရှိလှမှ ၂မိုင်၊ ၃မိုင်ထက်မကျော်ဘူး။ ဝိုင်းမော်ဒေသခံတွေကတော့ အကုန်လုံးတော့ ရှောင်ဖို့တော့ ပြင်နေကြတဲ့ အနေအထားတော့ ရှိနေပြီ။ အရမ်းနီးနေပြီပေါ့။”

လက်ရှိ တိုက်ပွဲပြင်းထန်းနေတဲ့နေရာဟာ ဝိုင်းမော်မြို့ တောင်ဘက် မြစ်ကြီးနား- ဗန်းမော် လမ်းကြောမှာဖြစ်ပြီ ဝိုင်းမော်မြို့ အရှေ့ဘက် ဝိုင်းမော် - ကန်ပိုက်တီလမ်းကြောက ဝူယန်နဲ့ ဝါးရှောင်ကြားမှာလည်း KIA နဲ့ ပူးပေါင်းတပ်တွေ ရောက်ရှိနေပြီဖြစ်ကြောင်း ဝိုင်းမော်ဒေသခံက ပြောပါတယ်။

ဝိုင်းမော်မြို့ဟာ စစ်ရေးအရ ခြိမ်းခြောက်ခံနေရတဲ့အခြေအနေမှာ ရှိနေချိန်မှာပဲ ပူတာအိုမြို့နယ်နဲ့ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ပူတာအိုဘက်ကနေ ဆွမ်ပရာဘွမ်ဘက်ကို ဆင်းလာတဲ့ စစ်ကြောင်းတွေ ပူတာအိုဘက်ကို ပြန်ဝင်သွားတာကတော့ မကြားမိပါဘူး။ဆွမ်ပီယန် ပတ်ဝန်းကျင်မှာတော့ တိုက်ပွဲဖြစ်ပြီးမှ ဆွမ်ပီယန်ရွာတွေကိုတော့ မီးရှို့လိုက်တယ်ဆိုတဲ့ သတင်းလောက်တော့ ကြားပါတယ်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံကတော့ မကြားရသေးပါဘူး။ မိုးမောက်တို့၊ မံစီတို့ဘက်မှာကတော့ တိုက်ပွဲက ဆက်ရှိပါတယ်။ အဓိက စခန်းတွေကတော့ သိမ်းတာတော့ မရှိသေးပါဘူး။ ”

မေလ ၁၈ရက်နေ့က မြစ်ကြီးနားအခြေစိုက် နမ့်ပေါင်လေတပ်စခန်းကို KIA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ ပြန်လှန် ပစ်ခတ်ရာမှာ ပမ္မတီရပ်ကွက်ထဲ ကျရောက်ပြီး အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ကြောင်း ကချင်သတင်းဌာနအချို့က ဖော်ပြပါတယ်။

ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာမတွေ့ရပေမဲ့ စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ News of Myanmar တယ်လီဂရမ်ချန်နယ်မှာတော့ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ပမ္မတီးရပ်ကွက်အတွင်း ပစ်ခတ်တာကြောင့် အရပ်သား ၃ဦးသေဆုံးပြီး ၈ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။


နမ့်ပေါင်လေတပ်စခန်းကို မေလ ၅ ရက်နဲ့ ဧပြီ ၁၉ ရက်နေ့တွေကလည်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် PDF တပ်ဖွဲ့တွေက သတင်းထုတ်ပြန်တာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG