သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအိမ်ကို ဈေးလျော့ပြီး လေလံပြန်တင်ဖို့ ပြင်ဆင်


ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို လေလံကြမ်းခင်းစျေးသစ် ကျပ်ငွေ ၂၈၅ ဘီလီယံနဲ့ထပ်မံ လေလံတင်ရောင်းချနိုင်ဖို့ ဦးအောင်ဆန်းဦးက ဒီကနေ့ တင်သွင်းခဲ့ပါတယ်။ ဒီတင်သွင်းလိုက်တဲ့ စျေးသစ်နဲ့ပတ်သတ်လို့ လာမယ့် မေ ၃၁ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက လက်ခံမခံကို ပြန်လည် ကြားနာမှာ ဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးပါမယ်။​

တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ မတ်လ ၂၀ ရက်နေ့မှာ လေလံတင် ရောင်းချဖို့ ကမာရွတ်တရားရုံးက အမိန့် ချမှတ်ခဲ့ပြီး လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်မယ့်သူ မရှိခဲ့ပါဘူး။

ဒါကြောင့် ဦးအောင်ဆန်းဦးက မူလခေါ်ထားတဲ့လေလံစျေး ၃၁၅ ဘီလီယံကနေ ဘီလီယံ ၃၀ လျှော့ပြီး လေလံကြမ်းခင်းစျေးသစ်ကို တင်လိုက်တာ ဖြစ်ပါတယ်။ ဒီဈေးနှုန်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက လက်ခံမခံကို လာမယ့် မေ ၃၁ ရက်နေ့မှာ ပြန်လည်ကြားနာမှာဖြစ်ပါတယ်။

လေလံသဘောတရားအရ အခုသတ်မှတ်လိုက်တဲ့ စျေးသစ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်ပါသေးတယ်။ လေလံကိစ္စနဲ့ ပတ်သတ်လို့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘယ်လောက်သိရှိထားလဲ ဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တရားရုံးနဲ့နီးစပ်သူတဦး အဆိုအရကတော့ လေလံကိစ္စကို ဒေါ်အောင်ဆန်း စုကြည်သိရှိထား တာမရှိဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို မီဒီယာကို ဖြေကြားရင် ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်ဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေအကြား ဘယ်လို ဆက်လက် ကိုင်တွယ်သွားမလဲဆိုတာလည်း အသေးစိတ်သိဖို့ ခက်ခဲနေပါတယ်။

လက်ရှိမှာ တဖက်သတ် လေလံပစ်တဲ့သဘောဖြစ်နေသလို မတရားဖိနှိပ်မှု တခုဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြမှု တွေရှိနေပါတယ်။ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်ကတော့ စျေးလျှော့လိုက်ပေမယ့် ဝယ်နိုင်မယ့်သူ ရှိမှာမဟုတ်ဘူးလို့ သူ့ထင်မြင်ချက်ကိုပြောပါတယ်။

"အဲဒါကတော့ထုံးစံဘဲလေ။ လေလံကတော့ ဒီအတိုင်းဘဲ လျှော့လျှော့ပြီး၊ တရားလိုက လျှော့လျှော့ပြီးသွင်းသွားရတာပေါ့။ တဖက်ကလည်း အဲဒါကိုထောက်ခံလဲရတယ်၊ ကန့်ကွက်လဲရတယ်။ ကန့်ကွက်မယ်ဆိုလဲ ဘာလို့ကန့်ကွက်လဲအကျိုးအကြောင်းပြောပေါ့။ အကြောင်းတခုခုပြကန့်ကွက်ပေါ့။ ဘယ်လိုဘဲပြောပြော ကန့်ကွက်လဲ တရားရုံးကနေပြီးတော့ တရားလိုတင်တဲ့အတိုင်းဘဲ ဆက်လေလံပစ်မယ်လို့ အမိန့်ချလို့ရတယ်။ နောက် တရားရှုံးဘက်က မကန့်ကွက်ရင် တရားနိုင်ဘက်က စျေးနှုန်းနဲ့ဘဲ လေလံပစ်လိမ့်ဦးမယ်။ ပစ်ရင်လဲဘဲ ဆွဲမယ့်သူရှိမှာမဟုတ်ဘူး။ ဒါကဗမာပြည်မှာ ဘယ်သူမှမဆွဲနိုင်ဘူး။ နောက်ပြဿနာတွေလည်းအများကြီးရှိတယ်။ အဲတော့ ဒီတခေါက်လည်းမအောင်မြင်ရင် နောက်တခါပြန်ချိန်ပေါ့။"

ပြီးခဲ့တဲ့ ၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက် ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာကို ဦးအောင်ဆန်းဦးက အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး သူက ပြိုပျက်နေတဲ့ အိမ်အသေးကိုသာရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကိုလေလံ တင်ခွဲ ဖို့တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။ ဒီလို တရားစွဲ လျှောက်ထားခဲ့တာကို တရားရုံး အဆင့်ဆင့်က လက်မခံ ပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ခုနှစ်မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးကလည်း ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ၂ဝ၁၉ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူးလျှောက်လွှာ တင်သွင်းခဲ့ရာမှာ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့ အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ ခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာပြန်လည် အမိန့်ချခဲ့တာကြောင့်အခုလို လေလံဆွဲတဲ့ကိစ္စတွေ ဖြစ်လာတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချထားတဲ့သူ့ကို အကျဉ်းထောင်ကနေနေရာပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် ဘယ်နေရာ မှာ ထားရှိထားသလဲကို မသိရပါဘူး။

၁.၉၂၃ ဧက အကျယ်အဝန်းရှိတဲ့ အိမ်နံပါတ် ၅၄နေအိမ်ဟာ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ် မြောက်လာချိန် အမေရိကန်သမ္မတ Barak Obama ၊ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင် အိမ်တအိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG